Pages

Tuesday, July 13, 2010

ပြန်မရနိုင်မဲ့ဆုံးရှုံးမှုတွေ ထပ်မံခြိမ်းခြောက်ပြန်ပြီလား

ကန္တာရဝတီတိုင်း မှ.................

ကရင်နီပြည် ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်မှာ စစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီရေကာတာကို တိတ်တခိုးလေး ဆောက်ရွက်နေကြတယ်လို့ ကရင်နီသဘာဝပတ်ဝန်းကျင် အဖွဲ့က ဆိုပါတယ်။

ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံး မြစ်ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာနေရာမှာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။
မြန်မာစစ်အစိုးရ၏ ရေကာတာ စီမံကိန်းကြောင့် မျိုးသုန်းပျောက်ကွယ်သွားမည့် ကရင်နီမျိုးနွယ်စု တစုဖြစ်သည့် ကယန်းကြေးကွင်းပတ် လည်ပင်းရှည်ခေါ်ပဒေါ်
စစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ယခုနှစ် ဇန်န၀ါရီလ ၇ ရက်နေတုန်းက သဘောတူ စာချုပ်ချုပ်ဆို ထားကြပြီး ဧပြီလ ၂၆ ရက်နေ့မှာ ရေမြေတိုင်းတာမှုတွေ၊ သံပစ္စည်းတွေကို ၂ လ၀န်းကျင်လောက် ကတည်းက လာရောက် စုပုံထားကြတာ ဖြစ်ပါတယ်။

“ရေကာတာ တည်ဆောက်ဖို့  တရုတ်တွေ ရေအမှတ်တိုင်းတာတွေ တွေ့ရတယ်” လို့မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေး ပစ္စည်းတွေကိုလည်း ရွာသစ် ကျေးရွာမှာ စုပုံထားတာကို “ကျမ ပြန်လာတုန်းကတော့ အဲဒီမှာ ပစ္စည်းတွေ တချို့ချထားနေပြီ” လို့ ဖာဆောင်း ဒေသခံတဦးက ပြောတယ်။

ရေကာတာ တည်ဆောက်တဲ့ စီမံကိန်း တွေကြောင့် ကရင်နီပြည်သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပြီ ဖြစ်ပါတယ်။ သို့သော် အခုချိန်ထိ မပြီးဆုံးနိုင်သေးပါဘူး။ အခု တည်ဆောက်မယ့် ရေကာတာဟာလည်း ကရင်နီ ပြည်သူတို့အဖို့  ဆုံးရှုံးမှုတွေနဲ့ ထပ်မံကြုံတွေ့  နိုင်ပါတယ်။

“ထွက်လာမယ့် စွမ်းအင်တို့ကို တရုတ်နိုင်ငံ မှာရှိတဲ့ ယူနန်ပြည်နယ်က ကုမ္မဏီတွေကပဲ ပြန်ယူ နိုင်ဖွယ်ရှိတယ်လေ။ သူတို့ နိုင်ငံမှာ တိုးတက်လာတဲ့ စီးပွားရေးကို အမှီလိုက်နိုင်ဖို့ စွမ်းအင်တွေကို လိုက်ဖြည့်တဲ့ သဘောပေါ့။ စစ်အစိုးရတွေ အတွက်တော့ ၀င်ငွေပေါ့” လို့ ကရင်နီသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းသုတေသနပြုသောအဖွဲ့ KDRG တာဝန်ခံ ခူးတော်ရယ်ပိုးက ပြောပါတယ်။

ထွက်လာမယ့် ရေအားလျှပ်စစ်နဲ့ ရေအား လျှပ်စစ်မှ ရရှိမယ့် နိုင်ငံခြားဝင်ငွေတွေက စစ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွားသာ ဖြစ်ပြီး ပြည်သူတို့ ခံစားပိုင်ခွင့် မရှိနိုင်ကြောင်းကို ထင်မြင်သည်မှာ KDRG အဖွဲ့တဖွဲ့ထဲမဟုတ်ပါဘူး။

ကရင်နီသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အမြဲစိမ်းလန်းစိုပြေရေးအဖွဲ့ KEG မှ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ခူးဒယ်နီယာ ကလည်း “ထွက်လာမယ့် ရေအား လျှပ်စစ်တွေ ကို ထိုင်းနိုင်ငံမှာ ရောင်းချဖို့ ရှိတယ်။ ပြီးတော့ ရရှိမယ့် နိုင်ငံခြားဝင်ငွေကတော့ သူတို့ကိုယ်ကျိုးအတွက်ပေါ့” လို့ပြောသွားပါတယ်။

KDRG အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ စစ်အစိုးရတို့ က ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ရောင်းခြင်းကြောင့် နိုင်ငံခြား ၀င်ငွေများကို ရရှိမဲ့အပြင် ရေကာတာလုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်များ ဒေသတွင်းသို့ ထပ်မံတိုးချဲ့ခြင်းဖြင့် တိုင်းရင်းသား နယ်မြေများကို ပိုမိုထိန်းချုပ်နိုင်ပြီး စစ်အစိုးတို့အတွက် အမြတ်အစွန်း နှစ်ဆရတယ်လို့ ဖော်ပြထားပါတယ်။

ရေကာတာ တည်ဆောက်မယ့် နေရာ အနီးတ၀ိုက်မှာရှိတဲ့ ရွာတွေကို ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်ကတည်းက အတင်းအဓမ္မ ရွေ့ပြောင်း စေခဲ့ပါတယ်။ အတင်းအဓမ္မ ရွေ့ပြောင်းခြင်းခံရတဲ့ ရွာသားအများစုဟာ မိမိတို့ရဲ့ အိုးအိမ်နဲ့ လယ်ယာ တွေကို စွန့် ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းတွေကို အများအပြား လာရောက်နေထိုင် ကြပါတယ်။

စစ်အစိုးရရဲ့ ရေကာတာ တည်ဆောက်ခြင်း စီမံကိန်းတွေကြောင့် အိုးအိမ်တွေနဲ့ လယ်ယာတွေ ဆုံးရှုံး၊ စွန့်ပစ် ရတာဟာလည်း အရေအတွက် မနည်းတော့ပါဘူး။

သံလွင်မြစ်ကို ဖြတ်ပြီး ရေအား လျှပ်စစ်ထုတ် ယူမဲ့ ကရင်ပြည်နယ်မှာ တည်ဆောက်မဲ့ ၀ဲကြီး ရေကာတာကြောင့် ကရင်နီပြည်ရဲ့ မြို့နယ် (၇)ခု အတွင်းက (၄) ခုကို ထိခိုက်ပျက်စီးစေမှာဖြစ်ပြီး ဖာဆောင်းနဲ့ ဘောလခဲမြို့ အပါအ၀င် ရွာပေါင်း ၂၈ ရွာဟာ ရေအောက် ရေနှစ်မြုပ်စေနိုင်ပါတယ်။

တည်ဆောက်ပြီးစီး သွားမယ်ဆိုရင်လည်း ဧရိယာ ၆၂၀ စတုရန်း ကီလိုမီတာဝန်းကျင်လောက် ရေအောက်မှာ နစ်မြုပ်သွားမှာဖြစ်ပြီး လူဦးရေ သုံးသောင်းလောက် အိုးအိမ်လယ်ယာမြေတွေကို စွန့်ခွာထွက်ပြေးရမှာ ဖြစ်တယ်လို့ KDRG အဖွဲ့က ဆိုထားပါတယ်။

အထူးသဖြင့် ရေကာတာ တည်ဆောက်မဲ့ အနီးတ၀ိုက်ရှိ ဘောလခဲဒေသမှာ နေထိုင်ကြတဲ့ လူဦးရေ တစ်ထောင်ခန့် မပြည့်တော့တဲ့ ယင်းတလဲ လူမျိုးတွေက စစ်အစိုးရတို့ရဲ့ ညှင်းပမ်း နှိပ်စက်မှုများကြောင့် ပျောက်ကွယ် သွားနိုင်ပါတယ်။ တောရိုင်း တိရိစ္ဆာ္ဆန်တွေလည်း ကျက်စားရာနေရာ ဆုံးရှုံးနိုင်ပါတယ်။

ထို့အပြင် လောပိတ ရေအားလျပ်စစ်စက်ရုံ အမှတ် ၁ နဲ့ ၂ တည်ဆောက်စဉ်ကလည်း ရွာပေါင်း (၁၁) ရွာ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ခံရပြီး ကျေးရွာ ၁၅ ရွာမှာတော့ ကန့်သတ်နယ်မြေအဖြစ် ထိန်းချုပ်ခြင်း ခံရပါတယ်။
ကန့်သတ်နယ်မြေကြောင့် ဒေသခံပြည်သူတွေဟာ မိမိတို့ အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တောင်ယာ၊ လယ်ယာစိုက်ပျိုးခြင်း၊ အိမ်မွေး တိရိစ္ဆာ္ဆန် မွေးမြူခြင်း၊ တောလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းတို့ကို လက်လွတ်ဆုံးရူံးခဲ့ရပါတယ်။

အခု တည်ဆောက်မယ့် ရေကာတာဟာ ၀ဲကြီး ရေကာတာနဲ့ လောပိတ ရေအားလျပ်စစ်စက်ရုံလို တည်ဆောက်မယ်ဆိုရင် စစ်အစိုးရတို့ ကိုယ်ကျိုးစီးပွာအတွက်နဲ့ စစ်ရေးမှာ အသုံးပြုဖို့ မြောက်မြားစွာသော ငွေကြေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကြီးကြီးမားမား မတည်ဆောက်ခဲ့ရင်လည်း အန္တာရာယ်က ကင်းဝေးတယ်လို့ မဆိုနိုင်ပါဘူး။

ကျောက်ကြီး ခေါ် ကျောက်ညှပ်မှာ တည်ဆောက်မယ့် ရေကာတာ ပြီးဆုံးရင်တော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ၀င်ရောက်မဖျက်ဆီးနိုင်ဖို့ ရေကာတာရဲ့ လုံခြုံရေး ဆိုပြီး စစ်တပ်အင်အား ထပ်မံတိုးချဲ့နိုင်တဲ့အတွက် အနီးအနားမှာ ရှိတဲ့ ပြည်သူအဖို့  အတင်းအဓမ္မ ခိုင်းစေခြင်း၊ အိမ်မွေး တိရိစ္ဆာ္ဆန်တွေကို လုယက်ခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့အုံးမှာ ဖြစ်ပါတယ်။

ကရင်နီပြည်သူတွေ အနေနဲ့ စစ်အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရေကာတာ မတည်ဆောက်မှီ၊ တည်ဆောက်နေစဉ်နဲ့ တည်ဆောက်ပြီးတဲ့အထိ ခံစားနေရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု တည်ဆောက်မယ့် ရေကာတာဟာ စစ်အစိုးရတို့က တိတ်တဆိတ် စီမံကိန်း ချထားတဲ့အတွက် ရေကာတာရဲ့ အကြီးအငယ် အရွယ်အစားနဲ့ ကရင်နီပြည်သူတွေအတွက် ဘယ်လောက်ဆုံးရှုံးမှာကို KDRG အဖွဲ့က မခန့်မှန်းနိုင်သေးဘူးလို့ တော်ပိုးက ပြောပါတယ်။

ကရင်နီပြည်သူတို့မှာ စစ်အစိုးရတွေရဲ့ ရေကာတာကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ပါတယ်။ ဆုံးရှုံးမှုထဲမှာ အကောင်းဆုံး ဥပမာ တခုက “လောပိတ ရေကာတာ” ဖြစ်ပါတယ်။ လောပိတ ရေကာတာကြီးဟာ ကရင်နီပြည်မှာ ရှိနေပေမဲ့ ပြည်သူတွေအတွက် ဘာအကျိုးမှ မရှိဘူးဆိုတာကို ကရင်နီလူထုတွေ အသိဆုံး ဖြစ်ပါတယ်။ ဆုံးရှုံးရသလောက် ပြန်လည်မရရှိနိုင်ပဲ စစ်အစိုးရအတွက် သက်သက်သာ ဖြစ်ပြီး ရယူခြင်းအတွက် ပေးဆပ်မှုဆိုတာ ရှိစမြဲ ဖြစ်ပေမယ့် ကရင်နီပြည်သူတို့မှာ ဆုံးရှုံးခဲ့ရသမျှအတွက် ဘယ်တော့ အချိန်မှ ပြန်ရတော့မှာလဲ။