Pages

Saturday, September 3, 2011

အထင်ကြီးချင်သလား ရုရှားစစ်သား

နေ့သစ် မှ........

လက်နက်အင်အား လူအင်အား ကြီးမားခေတ်မှီလို့ ဟိတ်ဟန်ခန့်ထယ်လှတဲ့ ရုရှားစစ်တပ်ထဲမှာ တပ်သားသစ်တွေကို ယောက်ျားပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေနေတယ်လို့ စွပ်စွဲချက်တွေ ထွက်နေပါတယ်။ “ရဲဘော်အမေ” လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲတာကို ပြည်ထဲရေးဝန်ကြီးဌာနကတော့ ငြင်းနေပါတယ်။ ယောက်ျားပြည့်တန်ဆာ အဓမ္မ အလုပ်ခံရတဲ့ တပ်သားသစ်တယောက်ရဲ့ မိဘတပါးက ရဲဘော်အမေ အဖွဲ့ကို ဆက်သွယ်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
စိန့်ပီတာစဘတ်ဂ်မြို့ (ယခင် လီနင်ဂရက်မြို့) မှာ စစ်သားတွေနဲ့ ငွေပေးပြီး လိင်ဆက်ဆံပျော်ပါးမယ့် ဖောက်သည်ကွန် ယက်တခု ရှိနေတယ်လို့ ရဲဘော်အမေအဖွဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီး အယ်လာပေါ်လီယာကိုဗာ က ဘီဘီစီကို ပြော ပြခဲ့ပါတယ်။ စစ်သားကြီးတွေက လူငယ်စစ်သားသစ်လေးတွေကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းပြီး ရတဲ့ ငွေကိုတော့ ဒီ ဝါရင့်စစ်သားကြီးတွေက အိတ်ထဲထည့်ကြပါတယ်။
၂၀၀၆ ခုနှစ်တုံးက အသက် ၁၈ နှစ်အရွယ် တပ်သားအန်ဒရေဆိုင်ရှက်ဗ်ကို တခြားစစ်သားတွေက ၄-၅ နာရီကြာ ‘ဆိုင် ကယ်စီး’ ခိုင်းခဲ့ပြီးနောက် ကုလားထိုင်နဲ့တွဲ ကြိုးတုပ်၊ ရက်ရက်စက်စက်ရိုက်နှက်ခဲ့ကြပါတယ်။ အဲဒီရက်စက်မှုရဲ့ ရလဒ် အဖြစ် တပ်သားအန်ဒရေရဲ့ ခြေထောက်တွေနဲ့ ငယ်ပါမှာ သွေးမလျှောက်တော့ဘဲ အသားပုပ်လိုက်လာ တဲ့အတွက် ဆေးရုံတက် ဖြတ်လိုက်ရပါတယ်။ ရာသက်ပန် မစွမ်းမသန်ဖြစ်သွားတဲ့ အန်ဒရေရဲ့ ဖြစ်စဉ်ဟာ ရုရှားနိုင်ငံ တင်မက ကမ္ဘာမှာပါ ဟိုးလေးတကြော် ဖြစ်သွားခဲ့ပါတယ်။
‘မိခင်အခွင့်အရေးဖောင်ဒေးရှင်း’ လို့ခေါ်တဲ့ ရုရှားအဲန်ဂျီအိုတခုကလဲ ကျဆုံးသွားတဲ့ စစ်သားလေးတွေရဲ့ ဓာတ်ပုံ တွေနဲ့ ဖြစ်စဉ်တွေကို ဖေ့စ်ဘွတ်နဲ့ဆင်တူတဲ့ ရုရှား အင်တာနက်လူမှုကွန်ယက်မှာ တင်ထားပါတယ်။ စစ်သားလေး ၂၇ ယောက် ဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့တာ ဖြစ်ပေမဲ့ အနည်းစုဘဲ ချက်ချနီယာ တို့၊ ဒါဂက်စတန် တို့၊ ဂျော် ဂျီယာ တို့မှာ တိုက်ပွဲတိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အများစုကတော့ တပ်ထဲမှာ အချင်းချင်း လွန်လွန်ကျွံ ကျွံဗိုလ်ကျလို့၊ တပ်တွင်းရာဇဝတ်မှု၊ တပ်တွင်းလူနေမှုအခြေအနေ ဆိုးဝါးနိမ့်ကျမှု၊ မူမမှန်တဲ့ စိတ္တဇပတ်ဝန်းကျင်တို့ ကြောင့် အသက်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
တချို့ကို ရဲဘော်အချင်းချင်း အနီးကပ်ပစ်သတ်တာ ဒါမှမဟုတ် ရိုက်သတ်တာ ဖြစ်ခဲ့ပြီး တချို့ကတော့ အဆက် မပြတ် အကြမ်းဖက် ဗိုလ်ကျခံရလို့ ကိုယ့်ကိုယ်ကို သတ်သေသွားကြတာ ဖြစ်ပါတယ်။ အင်တာနက်ကွန်ယက်စာမျက် နှာမှာ သူတို့တဦးချင်းဘဝဖြစ်စဉ်နဲ့ ကျဆုံးမှုဖြစ်စဉ်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။
ဒီအထဲမှာ နီကိုလေအစ်ရှီမော့ဗ်ရဲ့ ဇာတ်လမ်းက “ကျနော်ဟာ ချယ်လီယာဘင့်စကီးမြို့နားက မက်ဇိုဇာနစ်ဂ်ျ ရွာသားပါ။ ၂၀၀၇ ခု သြဂုတ်လ ၂၀ ရက်မှာ အရက်မူးနေတဲ့အရာရှိ ဗလာဒီမာဘာဇီလက်ဗ်က ရဲဘော် ၄၇ ယောက် ရှေ့မှောက်မှာ ကျနော့်ကို ဘာအကြောင်းမှမရှိဘဲ အသားလွတ်ပစ်သတ်လို့ ကျနော်သေခဲ့ရပါတယ်။ ကျည်ဆံက ကျနော့်မျက်လုံး ၂ လုံးကြားတည့်တည့်ကိုဝင်ပြီး ကျနော်ဟာ နေရာတင် ပွဲချင်းပြီးသေသွားပါတယ်။ ကျနော့်အမေဟာ တရားရုံး ၃ ရုံးမှာ အမှုဆိုင်ခဲ့ပြီး မိခင်အခွင့်အရေးအဖွဲ့ အကူအညီနဲ့ ကျနော့်သတ်တဲ့လူကို ထောင်ဒဏ် ၅ နှစ် ၈ လ ကျအောင် နောက်ဆုံး မှာ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်အမေဟာ အခုထိ နေ့တိုင်းငိုနေတုံးပါဘဲ။ တခါတလေကျရင် အဖေနဲ့အမေက အိပ် မက်ထဲမှာ ကျနော့်ကို တွေ့ကြပါတယ်” လို့ အွန်လိုင်းစာမျက်နှာမှာ ရေးထားပါတယ်။
ဒီစာမျက်နှာဟာ ဖေ့စ်ဘွတ်လို လူမှုဆက်ဆံပေါင်းသင်းရေးကွန်ယက်ဖြစ်တဲ့အတွက် ဒီကျဆုံးစစ်သား ၂၇ ယောက်ကို ဝင်ကြည့်သူတွေက မိတ်ဆွေဖွဲ့နိုင်၊ ဓာတ်ပုံတွေကြည့်နိုင်၊ မှတ်ချက်တွေ ပေးစာတွေ ရေးနိုင်ပါတယ်။ ဒီနည်းနဲ့ ရုရှားစစ် တပ်တွင်းက မတရားမှုတွေ ပပျောက်စေဖို့ ဖော်ထုတ်ဖွင့်ချ ဝါဒဖြန့်နေတာဖြစ်ပါတယ်။ ထူးခြားလှတဲ့ အင်တာနက် လှုပ် ရှားမှုဟာ ရုရှားနိုင်ငံ နဲ့ ရုရှားတပ်မတော်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ စာသားသက်သက် ကိန်းဂဏန်းသက်သက် သ တင်းပေးတာထက် အခုလို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ထိတွေ့ ခံစားရသလိုပုံစံမျိုးနဲ့ ဖော်ထုတ်တာက ပိုထိရောက် နေတယ်လို့ မိခင်အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဗာရိုနီကာမာချင်ကို ကပြောပါတယ်။
အထူးသဖြင့် “ကျနော်သေသွားတယ်၊ ကျနော် အသတ်ခံရတယ်” လို့ သေသူကိုယ်တိုင် ပထမနာမ်စားနဲ့ပြောပြ တဲ့ပုံစံက လူတွေကို ‘ဟတ်ထိ’ သွားစေတယ်လို့ သူမကပြောပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် တပ်ထဲရောက်နေ တဲ့သူ့သား ကျဆုံးသွားတာ၊ မတရားခံရတာကို ဒီလူမှုပေါင်းသင်းဆက်ဆံရေးကွန်ယက် ဝင်ကြည့်မှ သိသွားတာလဲ ရှိတယ်လို့ ဗာရိုနီကာက ပြောပါသေးတယ်။
မိခင်အခွင့်အရေး အဖွဲ့ကို ၁၉၉၀ မှာ တည်ထောင်ခဲ့ပြီး ကျဆုံးစစ်သည်တွေရဲ့ မိဘတွေကို အခမဲ့ ဥပဒေရေးရာ အ ထောက်အကူနဲ့ အထွေထွေထောက်ပံ့ကူညီမှု ဆောင်ရွက်ပေးနေပါတယ်။ အထူးသဖြင့် ရှုပ်ထွေးပွေလီလှတဲ့ ရုရှား တ ရားရုံးစနစ်ကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီပေးနေပါတယ်။ ၂၀၀၉ ခုမှာ အဖွဲ့ခေါင်းဆောင် ဗာရိုနီကာ ဟာ နိုင်ငံ တကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
ကျဆုံးစစ်သည်တွေရဲ့ မိဘတွေဟာ အသက်ဖိုးနစ်နာကြေး နဲ့ တရားမျှတမှုကို တောင်းဆိုရုံတင်မက သူတို့သား ဘာ ကြောင့် ဘယ်လိုကျဆုံးတယ်ဆိုတာကိုလဲ သိအောင် ကြိုးစားကြပါတယ်။ စစ်သားငယ်လေးတွေသေဆုံးမှုကို အများဆုံး အကြောင်းပြချက်က ကိုယ့်ကိုယ်ကိုသတ်သေတာလို့ဆိုပေမဲ့ မိဘတွေက အလောင်းကိုစစ်ဆေးတဲ့အခါ ဒဏ်ရာဒဏ် ချက်တွေ အတွင်းကြေဒဏ်ရာတွေ အရိုးကျိုးတာတွေ တွေ့ကြတယ်လို့ ဗာရိုနီကာက ပြောပြပါတယ်။ စစ်သားလေးတွေ ဟာ သေတဲ့အထိ ရိုက်နှက်ခံရပြီးနောက် လည်ပင်းမှာ ကြိုးကွင်းတခုစွပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံ ပေါက် အောင် လုပ်ထားတာ ဒါမှမဟုတ် အတင်းကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်သတ်သေခိုင်းတာ ဖြစ်မယ်လို့ မိဘတွေက ယူဆ ကြပါတယ်။
စိန့်ပီတာစဘတ်ဂ်မြို့သား အသက် ၁၉ နှစ်အရွယ် အိုင်ဂေါ်အန်ဒရီးဗ်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်ပြောင်းရွှေ့မှု အတွင်း မီး ရထားပေါ်မှာ သူ့ခါးပတ်နဲ့ ကြိုးဆွဲချသတ်သေထားတာ တွေ့ခဲ့ပါတယ်။ သူ့မိဘတွေဟာ အင်မတန် တုန်လှုပ် ဝမ်းနည်း လွန်းလို့ အလောင်းကို စစ်ဆေးကြည့်တာတောင် မလုပ်ခဲ့တော့ပါဘူး။ “အလောင်းက အခေါင်းထဲ မှာ ၅ ရက်လောက်ရှိ နေပြီ၊ ဆေးလဲ မစိမ်လိုက်ရဘူး၊ ဒါကြောင့် ဖွင့်မကြည့်နဲ့တော့” လို့ စစ်တပ်အာဏာပိုင်တွေက တပ်သားအိုင်ဂေါ်ရဲ့ အမေ ကို ပြောခဲ့ပါတယ်။ ဒီအကြောင်းတွေကိုလဲ ဝက်ဆိုက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
အိုင်ဂေါ်က ပြောတဲ့ပုံစံနဲ့ “ကျနော့်ကို တခြားစစ်သားတွေက အမြဲအနိုင်ကျင့် နှိပ်စက်ကြပါတယ်။ ကျနော့်ဆီက ငွေ တောင်းတယ်၊ လုယူတယ်၊ ကျနော့်ကို ရိုက်နှက်ထိုးကြိတ်သွားကြတယ်။ ကျနော့်မှာ အမြဲဘဲ ပွန်းပဲ့ ကွဲပြဲ အညို အမဲစွဲနေ ပါတယ်။ ၂၀၀၅ ခု မတ်လမှာ ကျနော့်ကို ရူစလန်ရိုမာဒေါ့ဗ် ဆိုတဲ့ ဗိုလ်တယောက်က အပြင်းအထန် ရိုက်နှက် ထိုးကြိတ် ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် သူ့ကို ပိုက်ဆံမပေးနိုင်လို့ပါ။ သူ့ပေးဖို့ ကျနော်ဟာ အဖေ အမေတို့ဆီက ပိုက်ဆံပြန်မှာရပါတယ်။ တကယ်တော့ ကျနော့်မိသားစုကလဲ ဆင်းရဲလှပါတယ်။ ကျနော်ဟာ သမတ ကိုယ်ရံတော်တပ် မှာနေရင်း အခုလို ရိုက်နှက်ညှဉ်းပန်းမှုတွေ၊ ငွေညှစ် ဆက်ကြေးတောင်းခံရတာတွေ၊ အရှက်ကွဲအောင် ဂုဏ်သိက္ခာချိုး နှိမ်ခံရတာတွေက နောက်ဆုံးမှာ ကျနော့်ကို စိတ်ဓာတ်ဘုံးဘုံးကျစေခဲ့ပါတော့တယ်” လို့ ကွန်ယက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
စစ်တပ်ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့နေရာဖြစ်တာကို အိုင်ဂေါ့်အမေက နားလည်ထားပေမဲ့ ဒီလောက်အထိ ဆိုးဝါးလိမ့် မယ်လို့ တခါမှမထင်ခဲ့ပါဘူး။ မတရားလုပ်သူတွေ ဘာမှပြစ်ဒဏ်မခံရဘဲ အိုင်ဂေါ်ကို တောက်လျှောက်နှိပ်စက်နေ နိုင် တာကိုလဲ မိဘတွေအံ့သြခဲ့ကြပါတယ်။ “ကျမ တရားရုံးမှာ အဲဒီစစ်ဗိုလ်ကို မျက်နှာစေ့စေ့ကြည့်ပြီး ဘာကြောင့် ငါ့သားကို နှိပ်စက်တာလဲ၊ ၄-၅ ရက်ဆက်ပြီး အိပ်ခွင့်မပေးတာလဲ၊ တရက်လုံးနေလှန်းတာ နှင်းလှန်းတာ လုပ်တာလဲ၊ ဘာလို့အမြဲ ရိုက်နှက်နေတာလဲလို့ မေးခဲ့တယ်။ ကျမ အဖြေရှင်းရှင်းလင်းလင်း မရခဲ့ဘူး။ ဒါပေမဲ့ ပရဟိတရှေ့နေတွေ အကူအညီနဲ့ တရားခံကို ထောင်ထဲပို့နိုင်ခဲ့ပြီး နစ်နာကြေးရခဲ့တယ်” လို့ မိခင်ဖြစ်သူက ရှိုက်ငိုရင်းနဲ့ ပြောပြပါတယ်။
ရုရှားတပ်မတော်မှာ တနှစ်တနှစ်ကို စစ်သည်တွေ ထောင်နဲ့ချီပြီး တိုက်ပွဲကျမဟုတ်ဘဲ အသက်ဆုံးနေတယ်လို့ တပ်မ တော်သား အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီ့ထက်ပိုများတဲ့အရေအတွက်ကလဲ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ကာယပိုင်းဆိုင်ရာချို့ယွင်းချက်တွေနဲ့ အိမ်ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒီစစ်သည် ခတ်များများ ဟာ တပ်တွင်းမတရားအနိုင်ကျင့်နှိပ်စက်မှုဒဏ် ခံရသူတွေ ဖြစ်ပါတယ်။ စစ်ပွဲကြောင့်မဟုတ်ဘဲ စစ်သည် ၅၀၀ လောက် နှစ်စဉ်သေဆုံးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောပေမဲ့ အဲန်ဂျီအိုတွေကတော့ တနှစ်ကို စစ်သား ၂၀၀၀ ကနေ ၃၀၀၀ အထိ သေနေတယ်လို့ ဆိုပါတယ်။
ဒီလို အနိဋ္ဌာရုံသတင်းတွေ ကြားရလို့ လူငယ်တော်တော်များများဟာ စစ်မှုမထမ်းရအောင် အမျိုးမျိုး အကြံအဖန် လုပ် ကြပါတယ်။ တချို့က ဒေါ်လာထောင်ဂဏန်း လာဘ်ထိုး၊ တချို့က စိတ္တဇဆေးရုံမှာ ၄-၅-၆ လတက်ပြီး အရူး လက်မှတ် ရအောင်လုပ်ကြပါတယ်။ ၂၀၀၈ ခုမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲမှု တချို့လုပ်ခဲ့ရာမှာ အရာ ရှိအရေအတွက် လျှော့ချတာ၊ စစ်မှုထမ်းကာလကို တနှစ်ဘဲ သတ်မှတ်ပေးတာ၊ တပ်အမျိုးအစားတချို့ ဖျက်သိမ်းတာ၊ အမိန့်ပေးကွပ်ကဲမှု စနစ်တချို့ ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်ထဲစောရောက်တဲ့လူက နောက်ရောက် တဲ့လူကို အနိုင်ကျင့်တာ နည်းသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခွင့်အာဏာ ပိုကြီးတဲ့လူက “စည်းကမ်းကြပ်မတ်” တယ်ဆိုပြီး အာဏာအလွဲသုံးစားလုပ် နှိပ်စက်တာတွေ ရှိတုံးပဲလို့ အဲန်ဂျီအိုတွေက ပြောနေပါ တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရဲဘော်အမေအဖွဲ့၊ မိခင်အခွင့်အရေးအဖွဲ့တို့လို စစ်သည်အခွင့်အရေးကာကွယ်ရေးအဖွဲ့ အစည်းတွေ ဟာ အပြောင်းအလဲဖြစ်ဖို့ ဖိအားပေးနိုင်စွမ်းရှိနေပါတယ်။ သေသွားတဲ့ကိုယ့်သား ပြန်ရှင်လာမှာ မဟုတ်ပေမဲ့ တခြားလူ ငယ်တွေ အသက်မဆုံးရအောင်၊ တခြားအမေတွေ မပူဆွေးရအောင်တော့ တစုံတရာ ကူညီနိုင်ပါတယ်။
ဦးသန်းရွှေ ဦးအေးတို့ အထင်တကြီးနဲ့ မြန်မာစစ်ဗိုလ်လေးတွေကို ပညာတော်သင်လွှတ်တဲ့ ရုရှားနိုင်ငံကြီးရဲ့ တပ်မတော် အခြေအနေကတော့ အဲသလိုပါ။ နဂိုကတည်းက ပျက်နေတဲ့ မြန်မာ့တပ်မတော်မှာ ရုရှားတပ်မတော် စရိုက်တွေပါ ပေါင်း စပ်လိုက်ရင် မတွေးဝံ့စရာပါ။ တကယ်တော့ ဗမာစစ်တပ်ထဲမှာ ရုရှားစစ်တပ်လိုမျိုး ဆိုးဝါးလှတဲ့ အနိုင်ကျင့်ဗိုလ်ကျမှု တပ် တွင်းမတရားမှုတွေ ဒုနဲ့ဒေးရှိနေတာ တပ်မတော်သားအားလုံး အသိပါဘဲ။ ဒါပေမဲ့ ရုရှားက စစ်သည်အမေတွေလို မြန်မာ ပြည်မှာလဲ လုပ်နိုင်ရင်တော့ မျှော်လင့်ချက်ကလေး ရှိနိုင်ပါရဲ့။

ဂါမဏိ