Pages

Wednesday, November 10, 2010

DKBA ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ

ဧရာဝတီ မှ....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ဘက်မှ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့က ကူ၍ တိုက်နိုင်ဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုနေခြင်း ဖြစ်သည်။

“နအဖရဲ့ တိုက်ခိုက်မှုဟာ ဆက်တက်လာမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ရှိတဲ့ အဖွဲ့တွေအားလုံးဟာ ရှောင်လို့မရဘူး၊ အားလုံး လက်တွဲ တိုက်ရလိမ့်မယ်ထင်တယ်”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ် ရပ်စဲထားသော စောသမူဟဲ၏ ဟောင်သရော အထူးဒေသ အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

“အဲဒီ နေရာမှာ သူသွား ကိုယ်သွားနဲ့ သွားလာနေကြတယ်။ နယ်မြေထဲမှာ တယောက်နဲ့ တယောက် ရန်မရှာဘဲနဲ့လေ၊ တယောက်နဲ့ တယောက် နားလည်ပြီးတော့ သွားလာနေကြတဲ့ အခါကျတော့ နယ်မြေက ကန့်သတ်ထားတာ မရှိဘူး၊ ၀င်လာ လို့ရှိရင် ဟိုတယောက်ကို တိုက်လို့ရှိရင် ဒီတယောက်ကို မကြည့်ဘဲနဲ့ တိုက်လို့ရမှာ မဟုတ်တဲ့ဟာတွေ ပေါ်လာရင် အားလုံးက ပြင်ထားရမှာပဲ၊ ပြင်ထားလို့ရှိရင်တော့ အားလုံးက သေနတ်ပေါက်မယ်လို့ ထင်တာပဲ”ဟု ဗိုလ်မှူး စောလှငွေက ဆက် ပြော သည်။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ နံနက် ၄ နာရီခန့်မှ စတင်၍ DKBA တပ်ဖွဲ့ဝင်များနှင့် နအဖ တပ်များအကြား တနာရီကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

တိုက်ပွဲတွင် နအဖ စစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေ ဆုံး သွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံး ကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။

ထိုင်းဘက်သို့ မြန်မာ စစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလျက်ရှိပြီး ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့များက ကူညီနေကြောင်း သိရသည်။

အလားတူ ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ သတင်း ကို ထုတ်လွှင့်ခဲ့ရာ“KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်”ဟူ၍ ကြေညာခဲ့သည်။

စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည်စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက်စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒဖြန့်လုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း စစ်ရေး လေ့လာသူတချို့က သုံးသပ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယမန်နေ့က ပြန်လည် ရယူထားပြီး ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။ ၎င်း အဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။