Pages

Tuesday, July 6, 2010

သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ

ခေတ်ပြိုင် မှ........

မြန်မာစစ်အစိုးရ အာဏာပိုင်များသည် အမေရိကန်ပြည်ထောင်စုမှ ရှယ်ဗရွန်ကုမ္ပဏီ၊ ပြင်သစ်မှ တိုတယ်ကုမ္ပဏီတို့ထံမှ ရရှိသည့် သဘာဝဓာတ်ငွေ့ရောင်းချငွေများကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးအတွက် အသုံးပြုနေသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး Earth Rights International (အီးအာအိုင်) က ပြောကြားသည်။

ယင်းအဖွဲ့ကြီးက ဇူလိုင် (၅) ရက်ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာစစ်အစိုးရသည် အဆိုပါ ကုမ္ပဏီကြီး (၂) ခုအပါအ၀င် ထိုင်းရေနံကုမ္ပဏီ PTTEP တို့နှင့် ပူးတွဲလုပ်ကိုင်နေသည့် မြန်မာ့ကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာငွေသန်းပေါင်း ထောင်ချီ ရရှိနေသည်ဟု အထောက်အထား အကိုးအကားများဖြင့် ဖော်ပြထားသည်။
အဆိုပါ အမေရိကန်၊ ပြင်သစ်နှင့် ထိုင်းရေနံကုမ္ပဏီကြီး (၃) ခုတို့နှင့် ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းလုပ်ကိုင်နေသည့် ဓာတ်ငွေ့စီမံကိန်းမှ ဒေါ်လာ သန်း (၉) ထောင် ရရှိခဲ့ပြီး ထိုငွေပမာဏ ထက်ဝက်ကျော်ခန့်မှာ မြန်မာစစ်အစိုးရထံသို့ ရောက်ရှိသည်ဟု အီးအာအိုင်က ပြောဆိုထားသည်။

ထိုကုမ္ပဏီများသည် ကမ္ဘာပေါ်တွင် နျူကလီးယား ခြိမ်းခြောက်မှုအသစ်ဖြစ်ပေါ်လာစေရန် ငွေကြေး ဒေါ်လာသန်းထောင်ပေါင်း မြောက်မြားစွာကို ကူညီနေကြသည်ဟုလည်း အီးအာအိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့်ငွေများကြောင့် မြန်မာစစ်အစိုးရအနေဖြင့် အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေရေးနှင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေးတို့ကို ပြုလုပ်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

အီးအာအိုင်အဖွဲ့ကြီးက စုံစမ်းထောက်လှမ်းမှုများအရ မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်း၍ ရသောငွေများသည် စင်ကာပူရှိ ပုဂ္ဂလိကဘဏ် (၂) ခုသို့ ရောက်သွားသည်ကို တွေ့ရှိရကြောင်း၊ ထိုငွေများကို လက်နက်နှင့် နျူကလီးယား နည်းပညာများ ၀ယ်ယူရန် သုံးစွဲနိုင်ကြောင်းလည်း တင်ပြထားသည်။

အဆိုပါကုမ္ပဏီများထံ မြန်မာစစ်အစိုးရအား ငွေပေးချေမှုစာရင်းဇယား အသေးစိတ်ကို ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ရှယ်ဗရွန်နှင့်တိုတယ်ကုမ္ပဏီတို့က ၎င်းတို့အနေဖြင့် ပြင်ပသို့အသေးစိတ်ထုတ်ပြန်ခွင့်မရှိဟု ပြောဆိုကြောင်း အီအာအိုင် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ရှယ်ဗရွန်ကုမ္ပဏီက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံ၏ လူ့အခွင့်အရေးများကို လေးစားပါကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် သဘာဝဓာတ်ငွေ့မှရရှိသည့် ၀င်ငွေများနှင့်ပတ်သက်၍ မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် အလေးထားအာရုံစူးစိုက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းလည်း အီးအာအိုင်အဖွဲ့ကြီးက အစီရင်ခံစာတွင် တိုက်တွန်းထားသည်။