Pages

Monday, July 5, 2010

ဒုက္ခသည်တေးသံ

နှင်းပန်းအိမ် (မဇ္စျိမ)...............

မှိုင်းညို့ရီမှောင်နေတဲ့ တောင်တန်းကြီးတွေဘေးက ဒုက္ခသည်စခန်းလေးမှာ မိုးရေတွေကြား ကြေကွဲလို့နေပါတယ်။ တစိမ့်စိမ့်ရွာနေတဲ့ မိုးလို ဒုက္ခသည်တွေ တစိမ့်စိမ့်ခံစားစေရမယ့်၊ တထိတ်ထိတ်ဖြစ်စေရမယ့်၊ ဒုက္ခသည်အသည်းနှလုံးကို ဓားနဲ့မွှန်းသလို ခံစားစေရမယ့် သတင်းတွေပဲ ကြားနေရပါတယ်။ မသိကျိုးကျွံပြုမှုတွေ၊ မှီခိုမှုတွေ၊ သေချာရေရာမှုမရှိဘဲ လုံခြုံမှုမရှိတဲ့နေရာက ဒုက္ခသည်စခန်းပါပဲ။ ဒုက္ခသည်စခန်းမှာ အသေချာဆုံးက ဒုက္ခတွေပါ။
ဒုက္ခသည်စခန်းက ဒုက္ခသည်တယောက်ရဲ့ နှုတ်ဆက်စကားကို ဖုန်းပေါ်မှာ လက်ခံစကားပြော နားထောင်ပေးဖြေကြားဖို့ အခွင့်အရေး မပေးတဲ့အဖြစ်တွေ အများကြီး ကြုံတွေ့ရပါတယ်။ ဘယ်တော့မှ ပြန်လည်ဖြေကြားခြင်းမပြုတဲ့ ဖုန်းပိုင်ရှင်ကိုယ်စား အမှာစကားထားခဲ့ပါဆိုတဲ့ ဖုန်းစက်ထဲက စကားသံက ဒုက္ခသည်ကို အမြဲတမ်း လှောင်ပြောင်သရော်နေတယ်။ ဒုက္ခသည်စခန်းထဲက ဖုန်းနံပါတ် ဖုန်းပိုင်ရှင်အတွက် ဗိုင်းရပ်စ်ပိုးလိုပါပဲ။ မိုးပေါ်က အပ်နဲ့ လူ့ပြည်က အပ် ဆုံဖို့လွယ်မယ်။ ဒုက္ခသည်နဲ့ သူ့မိတ်ဆွေ စကားပြောနိုင်ဖို့ မလွယ်ကူဘူး။ ကံကောင်းထောက်မလို့ ကြုံခဲ့ရင်တောင် လူ့ကျင့်ဝတ်ကို မမေ့ပါဘူးဆိုတဲ့ လူယဉ်ကျေးတယောက်က စိတ်ပျက်လက်ပျက်သံနဲ့ “မင်းတို့ အဆင်ပြေတယ်မို့လား” တဲ့။ နိုင်ငံတကာအင်တာဗျူးတွေမှာ မေးခွန်းတွေနဲ့ အမြဲကြုံနေရတဲ့ ဒုက္ခသည်အတွက် ဒီမေးခွန်းက အရက်စက်ဆုံးပါပဲ။ ဟုတ်ကဲ့ပါ၊ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်စစ်စစ်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုကို နားထောင်မလား၊ မျက်ရည်ခိုင်ရင် ပြောပြမယ်။ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်ရဲ့ အဆင်ပြေခြင်း၊ မပြေခြင်းကို အဖြေထုတ်နိုင်ဖို့ ကိုယ်ချင်းစာတတ်တဲ့ အသည်းနှလုံးတော့ ရှိရမယ်နော်။

ကမ္ဘာပေါ်မှာရှိတဲ့ လူအချို့ဟာ တခုခုကြောင့် ဒုက္ခသည်ဖြစ်နေကြတယ်ဆိုတာ သတိမထားမိကြလို့ပါ။ လူ့အဖွဲ့အစည်း အကြီးကြီးထဲမှာ ရာထူးဂုဏ်သိန်၊ အောင်မြင်မှုကိုယ်စီနဲ့ ဂုဏ်သိက္ခာရှိရှိ ဒုက္ခသည်ဖြစ်နေကြလို့ပဲ ဖြစ်ပါလိမ့်မယ်။ ရွက်ဖျင်တဲ၊ ဝါးတဲလေးတွေထဲက ဒုက္ခသည်တွေ အပြင်မထွက်ရတဲ့ UN နဲ့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်းတွေအောက်မှာ သိက္ခာကို ရိက္ခာနဲ့လဲပြီး နေရတဲ့ ဒုက္ခသည်ကမှ ဒုက္ခသည်မဟုတ်ပါဘူး။ သို့ပေမဲ့ ရိက္ခာစားနေရတဲ့ ဒုက္ခသည်တွေရဲ့ဘဝ ဒဏ်ရာဒဏ်ချက်မျိုး သူတို့မှာ မရှိဘူး။ စိတ်ဒဏ်ရာ မရှိဘူး။ တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ စိုးရိမ်သောကရောက်စေမယ့် သတင်းမျိုးကို သူတို့ ကြောက်စရာမလိုဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အနာဂတ်ကို စိတ်ကြိုက်ဖန်တီးနိုင်တယ်။ သဘာဝကို ပြုပြင်ပြီး နေစရာမလိုဘူး။ ကမ္ဘာ့စီးပွားရေးကပ်ကြီးကြောင့် အလှူရှင်နိုင်ငံတွေရဲ့ ငွေကြေးနည်းပါးသွားလို့ ရိက္ခာဖြတ်တောက်ခံရမယ်ဆိုတဲ့အပေါ် စိုးရိမ်ပူပန်စရာ မလိုဘူး။
နယ်စပ်မျဉ်းတွေပေါ်က ဒုက္ခသည်စခန်းထဲမှာ နေထိုင်ရသူတွေကတော့ လူ့အဖွဲ့စည်း အကြီးကြီးကသူတွေ မပူပန်ရတဲ့ စိတ်သောကတွေ အားလုံးကို သိမ်းကျုံးယူငင်ထားရပြီး နေ့စဉ် ပူပန်နေရပါတယ်။ စခန်းထဲဒုက္ခသည်တွေကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်အနာဂတ်ကို ကိုယ်မဖန်တီးနိုင်ပါဘူး။ ဒုက္ခသည်စခန်းထဲကို အဖွဲ့အစည်းတခု ဝင်လာရင်ပဲ “ငါတို့ဘဝကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ့်သူတွေ ဘာသတင်းတွေ သယ်လာသလဲ” လို့ မျှော်လင့်နေရတဲ့ ဒုက္ခသည်တွေရဲ့ မျက်နှာကို မြင်ဖူးပါသလား။ ကိုယ်တိုင်ခံစားပြီး ကိုယ်တိုင်ဒုက္ခသည် ဖြစ်နေတဲ့ ကျမတောင် သူတို့မျက်နှာတွေ မြင်ရတိုင်း ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။ ကျမဟာ ဘဝကို နိုင်ငံရေးစာပေနဲ့ တည်ဆောက်နေသူပါ။ ကျမဘဝမှာ နိုင်ငံရေးစာပေကိုသာ နုတ်လိုက်ရင် ဒုက္ခသည်ဘဝမှာ မတွေးဝံ့စရာပါပဲ။

“ဆင်းရဲပင်ပန်းလှတဲ့ ဘဝထွက်ရာလမ်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းမဟုတ်။ အဲဒီ့အခြေအနေဆိုးကို တွန်းလှန်တိုက်ပွဲဝင်ခြင်းသာ ဖြစ်တယ်။ ဘဝလမ်းကြောင်းကို ပြောင်းလဲပစ်လိုရင် ဘဝကိုနားလည်ရမယ်။ ပတ်ဝန်းကျင်ကို ပြောင်းပစ်လဲပစ်လိုရင် ပတ်ဝန်းကျင်အကြောင်းကို နားလည်ရမယ်။ မိမိလူမျိုးနဲ့ မိမိတိုင်းပြည်ကို ပြောင်းလဲပစ်လိုရင် လူမျိုးနဲ့ တိုင်းပြည်အကြောင်းကို သိရမယ်” လို့ ကျမ ဖတ်ခဲ့မှတ်ခဲ့ဖူးတယ်။ ဒီစကားဒီစာသားတွေကို နှလုံးသွင်းထားလို့သာ ဒုက္ခသည်ဘဝအထုအထောင်း အရိုက်အပုတ်ကို ခံနိုင်တာ။
စစ်အာဏာရှင်တံတိုင်းကို ဘဝနဲ့ ရိုက်ချိုးခဲ့ကြတဲ့ နိုင်င်ငံရေးသမားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ABSDF က ကျောင်းသားရဲဘော်တွေ သူတို့ရဲ့ ပစ္စုပ္ပန်ဘဝတွေကို မြန်မာပြည် ပြည်သူလူထု အနာဂတ်အတွက် စတေးခဲ့ကြတယ်။ စစ်ကြောရေး အကျဉ်းထောင်နံရံတွေကြား နှစ်ရှည်ထောင်ဒဏ်နဲ့ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေဆီရောက်ခဲ့ပြီး အကျဉ်းထောင်က ပြန်လွတ်လာတဲ့အချိန်မှာ သူတို့တွေ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆင်နွဲကြတယ်။ ဒီအခါ စစ်အာဏာရှင်က သူတို့ကို ဖမ်းဆီးလို့ သေလုမျောပါး ထွက်ပြေးခဲ့ကြရတယ်။ ဒီမိုကရေစီအင်အားစုရှိရာ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးကြတာပေါ့။ သူတို့ကို လက်ခံထားပေးမယ့်နေရာက ဒုက္ခသည်စခန်းလို့ JRS က အတည်ပြုပေးတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ ထိုင်းရဲဖမ်းရင် မိအေးနှစ်ခါနာမယ့်အဖြစ်။ ဒီတော့ UNHCR ရဲ့ စောင့်ရှောက်မှုအောက်က ဒုက္ခသည်စခန်းမှာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်က ထွက်ပြေးလာတဲ့သူတွေ ဒုက္ခသည် ဖြစ်ရတော့တာပါပဲ။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့လက်မှတ် အခုချိန်ထိ မရှိသေးပါဘူး။ ဒီတော့ ဒုက္ခသည်တွေရဲ့ဘဝ တည်ငြိမ်မှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဒုက္ခသည်စခန်းမှာ ဘဝရပ်တည်နိုင်ဖို့ အလုပ်မရှိပါဘူး။ ကိုယ့်အစွမ်းအစကို ထုတ်ဖော်နိုင်မယ့် အခွင့်အရေး မရှိပါဘူး။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ရသူတွေရဲ့ သမိုင်းအစဉ်အလာကို ငြင်းပယ်ခံရတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒုက္ခသည်တယောက်ရဲ့ ရိက္ခာဆန်တပုံး၊ ဆီတလီတာနဲ့ စတုတ်တိုက်ချခံရတဲ့ နေရာပါ။ အဆင်မပြေမှုတွေ များလာတဲ့အခါ ကိုယ့်မိသားစုထဲမှာတင် ပဋိပက္ခဖြစ်ကြရတယ်။ “ကျနော်တို့ ထောင်ကလွတ်လာတော့ ဒဏ်ရာပဲ ပါခဲ့တယ်” ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းရဲ့ စကားအတိုင်းပါပဲ။ အကျဉ်းထောင်ထဲမှာ ခံစားရတဲ့ စိတ်ဒဏ်ရာတွေ မပျောက်သေးခင်မှာ ဒုက္ခသည်ဆိုတဲ့ စိတ်ဒဏ်ရာကိုပါ ခံစားရတော့ ဘယ်ဒဏ်ရာက ပိုနာတယ်ဆိုတာ ပြောမတတ်အောင် ဖြစ်နေကြရတယ်။
ဒုက္ခသည်စခန်းရဲ့ တဲအိမ်လေးတွေထဲက မပြေလည်မှုတွေကို အလှည့်ကျ ခံစားချက်တေးသံအဖြစ် အမြဲနားထောင်ရတတ်ပါတယ်။ သရက်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒုက္ခသည်သူ့မိန်းမနဲ့ စကားများရန်ဖြစ်တဲ့အခါ စခန်းလုံခြုံရေးတွေ ရောက်လာတယ်။ ဆက်ပြီး ရန်ဖြစ်နေမယ်ဆိုရင် အချုပ်ထဲထည့်ထားမယ်တဲ့။ ဒီတော့ သူက ကြေကြေကွဲကွဲနဲ့ ပြောပါတယ်။ “မင်းတို့ ငါ့အိမ်ကို ကြည့်စမ်း၊ တံခါးကို ဝါးနဲ့ သံတိုင်လို လုပ်ထားတယ်။ အကျဉ်းထောင်ထဲမှာ ငါနေရသလိုမျိုးပဲဆိုတာ မမေ့အောင်လို့။ အခန်းကျဉ်းလေးထဲ နှစ်အကြာကြီး ငါတယောက်ထဲ နေရတုန်းက ငါ့ကိုငါ လူလား၊ တိရစ္ဆာန်လားလို့ ခဏခဏ မေးခွန်းထုတ်တယ်။ အခုလည်း ငါမလွတ်မြောက်သေးဘူး။ ဒါကို မင်းတို့က လင်မယားရန်ဖြစ်လို့ အချုပ်ထဲထည့်မယ်ဆို ထည့်စမ်း”

လူ့ဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ချက်၊ စိတ်ကူးမျှော်မှန်းချက်သာမရှိရင် လူ့ဘဝကြီးမှာ နေရတာ အဓိပ္ပာယ်မရှိဘူး။ ဒီစိတ်ဓာတ်တွေနဲ့ အများပြည်သူအတွက် ဆောက်ရွက်ရသူများကတော့ ဘဝနဲ့အသက်နဲ့ ရင်းရတာချည်းပါပဲ။ စစ်ဖိနပ်တွေ၊ စစ်ဖိနပ်တွေ။ စစ်ဖိနပ်တွေရှေ့မှာ နောက်မှာ၊ ဝဲမှာ၊ ယာမှာ၊ တခါတခါ ရင်ဘတ်ပေါ်မှာ၊ စစ်ကြောရေးစခန်းထဲက လူ့ဘဝဟာ ဘာမှမသေချာတော့ဘူး။ အသက်ရှင်မှု၊ လူ့ဂုဏ်သိက္ခာ၊ အနာဂတ်၊ ဘာမှမသေချာတဲ့ နေရာ။ အဲဒီ့နေရာတွေကို ထပ်မံမရောက်ချင်တော့တဲ့ နိုင်ငံရေးဒုက္ခသည်တွေအတွက် နေရပ်ပြန်ပို့မယ်ဆိုတဲ့ သတင်းက ခြောက်ခြားစရာ ကောင်းလှပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ထက် ၂၀၀၈ အခြေခံဥပဒေဆိုတာကို သေချာအောင် မလေ့လာဘဲ ထောက်ခံဖို့ မျက်စပစ်နေကြတဲ့ သူတွေကြောင့် မြန်မာပြည် အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေ။ ပြင်ပက နိုင်ငံရေးသမားတွေ၊ ပြည်သူလူထုတွေအတွက် အခွင့်အရေးတခုမှ မရှိတဲ့ ၂၀၀၈ အခြေခံဥပဒေ။ လူ့အသိဥာဏ်နဲ့ လူသားစိတ်ဓာတ်၊ သင်းကွပ်ခံထားရတဲ့သူတွေ ဆွဲထားတဲ့ အခြေခံဥပဒေ။ ဒီအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်ရင် ကျမတို့မြန်မာတပြည်လုံး စစ်ကျွန်ဘဝက ရုန်းမထွက်နိုင်တော့ဘူး။
တောတောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီးမှ ရောက်ရတဲ့ ဒုက္ခသည်စခန်းထဲက တဲအိမ်လေးတွေထဲမှာ တဦးချင်းအလိုက်၊ မိသားစုအလိုက် နေထိုင်ရတဲ့ ဒုက္ခသည်တွေကို UNHCR က ၂၀၀၉ ဧပြီ ၄ ရက်နေ့မှာ လက်ပတ်တွေပတ်ပြီး စာရင်းသွင်းပါတယ်။ အဲဒီနေ့က ခံစားချက်တွေ ကျမရင်ထဲ အခုထိ ရှိသေးတယ်။ တောင်ခြေဘောလုံးကွင်းကြီးထဲ မိန်းမတကန့်၊ ယောက်ျားတကန့်ခွဲပြီး တန်းစီခိုင်းထားတယ်။ UN တာဝန်ရှိသူတွေက ထွက်ပေါက်တွေကနေကြိုပြီး ဘယ်ဘက်လက်ကို ဂျာမဏီထုတ် လက်ပတ်,ပတ်ပေးပါတယ်။ ဒီလက်ပတ်မှာ နံပါတ်ပါ,ပါတယ်။ လက်ပတ်ကို စောင့်ယူနိုင်ဖို့ မနက် ၅ နာရီကတည်းက ဒုက္ခသည်စခန်းအတွင်းမှာ ဘယ်သူရေ၊ ဘယ်ဝါရေဆိုတဲ့ အသံနဲ့ ထမင်းချိုင့်၊ ရေဗူး လက်ကဆွဲပြီး ဘောလုံးကွင်းထဲ သွားရပါတယ်။ ဘောလုံးကွင်းထဲမှာ လူတန်းစီပြီး ထိုင်ခိုင်းပါတယ်။ မတ်တပ်ရပ်လို့ မရပါဘူး။ ယောက်ျား၊ မိန်းမ ကန့်သတ်ထားတဲ့ ကြိုးတန်းထဲက ဒုက္ခသည်တွေကို ရွက်ဖျဉ်တဲထဲက လက်ပတ်ပေးမယ့်သူတွေရဲ့ အကြည့်မှာ အဓိပ္ပာယ်တွေ အများကြီးပါ,ပါတယ်။ လူ ၈ နီးပါးရှိတဲ့ ဒီလူအင်အားနဲ့သာ ပြည်တွင်းမှာ စစ်အာဏာရှင်ကို ယုံကြည်ချက်ရှိရှိ၊ သတ္တိရှိရှိ၊ ပြင်းပြင်းထန်ထန်များ ဆန့်ကျင်ခဲ့ရင် ရလဒ်က တမျိုးဖြစ်သွားမယ်လို့ ကျမ တွေးမိသေးတယ်။

မနက် ၉ နာရီမှပဲ လက်ပတ်တွေ ပတ်ပေးပါတယ်။ လက်ပတ်,ပတ်ပြီးတဲ့အချိန်မှာ ကျမတို့ခံစားချက်တွေ အမျိုးမျိုးနဲ့၊ ရှက်တာလိုလို၊ သိမ်ငယ်တာလိုလို၊ ဘယ်လိုမှန်းကို မသိတော့ပါဘူး။ သေချာတာကတော့ လက်ပတ်ပေါ်မှာပါတဲ့ နံပါတ်က ကျမတို့ဘဝပါပဲ။ ဆီမထိရ၊ ရေနွေးပူမထိရ၊ လက်ပတ်တင်းကျပ်နေရင် ရပ်ကွက်မှူးကို အကြောင်းကြားပြီး စခန်းရုံးမှာ စခန်းအုပ်ချုပ်သူ ထိုင်းပလာထံ စာရင်းသွင်း လက်ပတ်ဖြတ်နိုင်တယ်လို့ ညွှန်ကြားထားပါတယ်။ ဒီလက်ပတ်ဝတ်ပြီး နေခဲ့ရတာ လချီ ကြာခဲ့ပါတယ်။ ဒီနံပါတ်ကို စာရင်းသွင်းပြီး Pre နံပါတ်အဖြစ် သတ်မှတ်ထားပါတယ်။ Pre နံပါတ်နဲ့ ကျမတို့ ဒုက္ခသည်စခန်းမှာ နေထိုင်နေရတာပါ။
စခန်းအတွင်းမှာ အလုပ်,လုပ်ဖို့က အတော့်ကို ရှားပါးပါတယ်။ တတိယနိုင်ငံက မိတ်ဆွေတွေ အကူအညီနဲ့ ရပ်တည်ကြသလို သဘာဝကိုမှီပြီး ရပ်တည်ကြရပါတယ်။ ထောက်ပံ့ကြေး မရှိတဲ့သူတွေက ရိက္ခာရတဲ့ ဆန်နဲ့ ထမင်းချက်၊ အိမ်ရှေ့၊ အိမ်နောက် မြေပိုလေးမှာ စိုက်ထားတဲ့ ခရမ်းချဉ်သီးကို နည်းမျိုးစုံအောင် ချက်ပြုတ်စားရတယ်။ ငါးပိ၊ ဆားနဲ့ ခရမ်းချဉ်သီးကို တွဲဖက်စားရတာပါ။ အပင်က အသီးမလိုက်မှ ရပ်လိုက်ရတော့တယ်။ ခရမ်းချဉ်ပင်သာ အသက်ရှိရင် ငိုမယ်။ ခရမ်းချဉ်ကို မျိုးစေ့ချပြီး တလဆို အပင်ခွဲစိုက်ရပါတယ်။ အပင်ခွဲစိုက်ပြီး တလအကြာမှာ အပွင့်စထွက်တယ်။ အပွင့်စထွက်ပြီး တလအကြာဆို အသီးလိုက်လာပြီ။ မိုးရေထိရင် အရွက်တွေရိပြီး အပင်သေကုန်တယ်။ မိုးရေမထိဘူး၊ အပြုအစု ကောင်းမယ်ဆို အပင်ကြာရှည်ခံတယ်။ မိုးရေထဲက အက်ဆစ်ဓာတ်ကို ခရမ်းချဉ်ရွက်က ဒဏ်မခံနိုင်ဘူး။ ရုံးမတီ၊ ချဉ်ပေါင်၊ မုန်ညင်း၊ ဆလပ်၊ ဘိုစားပဲ၊ ကန်စွန်း၊ မုန်လာထုပ်တွေလည်း စိုက်ကြတယ်။ ကန်စွန်းရွက်က အစေ့ကို စိုက်ရတယ်။ ၄၅ ရက်ကြာရင် စားလို့ရပြီ။ ဘိုစားပဲလည်း အစေ့စိုက်ပြီး ၄၅ ရက်ကြာရင် စားလို့ရတယ်။ မုန်လာဥ၊ ဂေါ်ဖီထုပ်ကတော့ ၃ လကြာတယ်။ မြေအကျယ်အဝန်း ရှိရင်ရှိသလို ကိုယ့်အတွက်အဆင် ပြေတယ်။ စားရရုံလေးပါ။ စီးပွားဖြစ်စိုက်စရာ မြေလည်း မရှိပါဘူး။

ရိက္ခာ ငါးပိထဲက ငါးအကောင်လေးကို ရေစင်အောင်ဆေးပြီး ငရုတ်သီးလေးနဲ့ ကြော်ထားရင်လည်း အစားခံတယ်။ အစပ်ဆိုတာ အစာအာဟာရချို့တဲ့,တဲ့ လူတွေအတွက် ဆာလောင်မွတ်သိပ်ခြင်းကို ပြေပျောက်စေတယ်။ အစပ်ကလေးနဲ့ မျှောချလိုက်ရင် ခံတွင်းမြိန်ပါတယ်။ ဈေးနေ့က တပတ်မှာ ၃ ရက်ရှိတယ်ဆိုတာ သဘာဝကျပါတယ်။ ဒုက္ခသည်က နေ့စဉ်ဝင်ငွေမရှိတဲ့အတွက် ဈေးကို နေ့တိုင်း ဘယ်ဝယ်နိုင်ပါ့မလဲ။ မြေကြီးပေါ် ပီနံအိတ်လေး၊ ပုဆိုးစုတ်လေးခင်းပြီး ရာသီပေါ် အသီးအနှံရောင်းတဲ့ ဈေးသည်တွေရှေ့မှာ ဈေးဝယ်သူတွေ ပုံလို့ပါပဲ။ ထိုင်းနိုင်ငံသား ဈေးသည်တွေကို ထိုင်းစကားတတ်သူ ဗမာတွေက ဈေးကူရောင်းပေးရင် တမနက်ခင်း ဘတ် ၃၀ ရတယ်။ အိမ်အပြန်ဟင်းစားအဖြစ် ပုဇွန်လေး၊ ငါးလေး၊ တကစ်၊ နှစ်ကစ်၊ ပေးတတ်တယ်။ ဈေးနေ့လေးမှာ ချိန်တွယ်ရောင်းရတဲ့အရာက ကီလိုချိန်ပါပဲ။ ဒုက္ခသည်တွေ စားစရာကို ခြိုးခြံပြီး မဖြစ်မနေ အသုံးပြုဖို့အတွက် ငွေကတော့ ရှိရပါတယ်။ ဒါကတော့ အင်တာနက်ဖုန်းဖိုးပါ။ တတိယနိုင်ငံက မိဘဆွေမျိုး၊ မိတ်ဆွေသင်္ဂဟတွေဆီ အကူအညီတောင်းမှ ဒုက္ခသည်ဘဝကို ကျားကန်နိုင်မယ် မဟုတ်လား။
ကူညီထောက်ပံ့မှု မရရှာတဲ့ ဒုက္ခသည်တွေကတော့ မနက် ၄ နာရီလောက်ထပြီး တောထဲဝင်ရပါတယ်။ ဒုက္ခသည်အချင်းချင်း တောမတိုးနိုင်သူတွေအတွက် ဝါး၊ သဲပွတ်တွေကို ရောင်းချရတယ်။ ရတဲ့ငွေနဲ့ ဟင်းစားဖိုး လုပ်ရပါတယ်။ တခါတရံ ထိုင်းနိုင်ငံသားတွေ စိုက်ထားတဲ့ စိုက်ခင်းတွေထဲမှာ ကောက်သင်း ဝင်ကောက်ကြတယ်။ ခူးဆွတ်လာတဲ့ အသီးအရွက်တွေကို ပိုးသတ်ဆေးဖျန်းထားမှန်း မသိလို့ စားမိသူတွေ ဆေးရုံရောက်ကုန်တာလည်း ရှိတယ်။ ဆေးရုံပို့နိုင်ဖို့ လူနာကို ရိက္ခာလှည်းပေါ်တင်ပြီး တွန်းရပါတယ်။ လှည်းမရှိလို့ ဝါးလုံးနဲ့ စောင်ရှိရင် ပုခက်လုပ်ပြီး ထမ်းပိုးရပါတယ်။ လူနာအတွက် အသက်သာဆုံး နည်းလမ်းပါပဲ။ မြို့ကြီးပြကြီးနေခဲ့သူ ဒုက္ခသည်လည်း ရိက္ခာလှည်းနဲ့ ပုခက်ပဲ။ ပုခက်ထမ်းဖို့ကတော့ အားကောင်းမောင်းသန် ယောက်ျားနှစ်ယောက် ထမ်းပိုးရတာပါ။ ဆေးရုံမှာ တာဝန်ရှိသူဆရာ၊ ဆရာမလေးတွေကလည်း ကြိုးစားကုသပေးပါတယ်။ သူတို့တတ်နိုင်သလောက်ပေါ့။ စနစ်တကျ သင်ယူလေ့လာခဲ့တဲ့ သမားတော်ကြီးတွေတောင် မှားတတ်သေးရင် ဒုက္ခသည်ဘဝက ဆေးဝန်ထမ်း ဖြစ်ရသူတွေကို ကျမတို့ နားလည်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း လောကမှာ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိဘူးဆိုတဲ့ စကားပုံရှိခဲ့တာပဲ။ ဒုက္ခသည်စခန်းမှာ သူ့အရပ် သူ့ဇာတ်ပဲ။
မျက်မှန်စမ်းတဲ့ နေရာမှာလည်း အမှတ်တရတွေ ရှိတယ်။ ကွန်ပြူတာနဲ့ အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် စမ်းသပ်ပေးသည်ဆိုတဲ့ ပြည်တွင်းက မျက်မှန်ဆိုင်ကြီးတွေရဲ့ တီဗီကြော်ငြာတွေကို ဒုက္ခသည်တွေက သနားတယ်လို့။ ဒီမှာက မျက်မှန်ပါဝါ စမ်းနိုင်ဖို့ သစ်သားလက်ကိုင်လေးမှာ မှန်အဝိုင်းလေးတွေ ၆ ခု၊ ၇ ခု ရှိတယ်။ ကိုယ့်မျက်လုံးတဖက်ကို လက်တဖက်နဲ့ပိတ်ပြီး ကျန်တဲ့မျက်လုံးနဲ့ မှန်အဝိုင်းလေးကို တဆင့်ချင်းကြည့်၊ ကိုယ်နဲ့ အဆင်ပြေတဲ့ မှန်နေရာကို လက်ထောက်ပြလိုက်ရင် အသင့်လုပ်ပြီးသား မျက်မှန်ကို ပေးလိုက်တယ်။ ကိုယ့်မျက်လုံးကို ကိုယ်တိုင်စမ်းသပ်ရတာလောက် တိကျတာ ရှိပါ့မလား။ ပြည်တွင်းမှာ စာကြည့်မျက်မှန် ပါဝါ ၁၀၀ ရှိခဲ့တဲ့ ကျမ အခု ပါဝါ ၂၀၀ ဖြစ်သွားပြီ။ တိုးတက်မှုတွေ ပြောပါတယ်။ သွားနှုတ်ချင်ရင် စခန်းတွင်းကို ၁ နှစ် တခါ သွားလာနှုတ်ပေးတဲ့ အဖွဲ့မှာ စာရင်းပေးရပါတယ်။ ရွက်ဖျဉ်တဲကြီးထိုးပြီး နေ့ချင်း သွားတွေနှုတ်ပေးတယ်။ ပြန်တော့ စိုက်မပေးဘူး။

ဘာသာစကား အခက်အခဲကြောင့်လား၊ ဆရာဝန်ကြောင့်လား မသိဘူး။ သွားကိုက်လို့ သွားနှုတ်ချင်တဲ့ ဒုက္ခသည်က စာရင်းပေးတာ နံပါတ် ၉၀ ရပါတယ်။ သူ့ကိုဒုက္ခပေးနေတဲ့ သွားကို ဆရာဝန်ကို ပြလိုက်တယ်။ ထုံဆေးထိုးပြီး ဆရာဝန်က နှုတ်ပေးလိုက်ပါတယ်။ သွေးတွေပေနေတဲ့ ဆရာဝန်လက်ထဲက သွားကိုကြည့်ပြီး “ငါ့ကို ဒုက္ခပေးနေတဲ့ သွားမရှိတော့ဘူးလို့ ဝမ်းသာသွားတယ်” တဲ့။ အနှစ် ၅၀ လောက် ကိုယ်နဲ့ မခွဲမခွာ အတူရှိခဲ့တဲ့ သွားကို သံယောဇဉ် အကြည့်လေးနဲ့ ကြည့်ပြီး စိတ်တော့ ထိခိုက်မိသေးတယ်ဆိုပဲ။ ထုံဆေးနဲ့ အနာပျောက်နေတဲ့သူ အိမ်အပြန်မှာ ပျော်လို့ရွှင်လို့။ ထုံဆေးပြယ်မှ သူသိလိုက်ရတာက သွားပြန်ကိုက်တာပဲ။ ဒီတော့မှ ဆရာဝန်နှုတ်လိုက်တဲ့ သွားက ကိုက်နေတဲ့ သွားမဟုတ်ဘဲ သူအားပြုနေရတဲ့ သွားတဲ့။ ဒီလိုအလွဲလေးတွေလည်း ဒုက္ခသည်စခန်းမှာ ရှိပါတယ်။
ဒုက္ခသည် ပပျောက်ရေးလို့ ကမ္ဘာ့အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။ ဒုက္ခသည်ပပျောက်ဖို့ ကမ္ဘာမှာ စစ်ရေး၊ နိုင်ငံရေး တည်ငြိမ်မှုရှိမှ၊ သဘာဝဘေးအန္တရာယ်မဖြစ်မှ၊ ငတ်မွတ်ခေါင်းပါးမှုတွေမရှိမှ ဒုက္ခသည်ပပျောက်မှာပါ။ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခတွေမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။ တောတောင်တွေရဲ့ ရင်ခွင်ထဲက မြေမြှုပ်မိုင်းတွေလည်း ကင်းစင်ပါစေ။ ကျမတို့ မြန်မာပြည်သာ အမှန်တကယ် ငြိမ်းချမ်းခဲ့ရင် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ သူ့အလိုလို ပပျောက်သွားမယ်ဆိုတာ ယုံကြည်ပါတယ်။
ထိုးစစ်၊ တိုက်စစ်တွေကြောင့် ရက်ပေါင်းများစွာ ထမင်းမစားရဘဲ ငိုသံတွေ၊ သေနတ်သံတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကရင့်စစ်ပြေး ဒုက္ခသည်တွေလည်း ကိုယ့်ဇာတိမြေကို ပြန်ချင်ကြတယ်။ စစ်ဖိနပ်တွေအောက်၊ စစ်ကြောရေးငရဲစခန်း၊ လူ့ဂုဏ်သိက္ခာတွေ ညှိုးနွမ်းရတဲ့ အကျဉ်းထောင်တွေထဲက လွတ်မြောက်လာတဲ့ နိုင်ငံရေးဒုက္ခသည်တွေကလည်း ကိုယ့်အမိမြေကို ပြန်ချင်ကြတယ်။ ဘဝလုံခြုံမှုကိုသာ အမှန်တကယ် အာမခံပေးနိုင်ရင် ပြန်ချင်ကြတဲ့ သူတွေပါ။

မြန်မာပြည် အန္တရာယ်ကြားမှာ ကျမတို့ ရှင်သန်ခဲ့ရပေမယ့် ကျမတို့ရဲ့ ခေတ်ဝန်ကို ထမ်းခဲ့တဲ့ ဂုဏ်သိက္ခာတွေနဲ့ ရှင်သန်ခဲ့ရတာပဲ မဟုတ်ပါလား။