Pages

Wednesday, August 25, 2010

ဝတပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ

ခေတ်ပြိုင် မှ..........

ဝဒေသအတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်မည်ကို လက်မခံနိုင်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ က အကြောင်းပြန်ကြားလိုက်သည်။

ယခုလ (၂၀) ရက်တွင် UWSA ဝတပ်ဖွဲ့အား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စများ သတိပေးပြောဆိုခဲ့မှုအပေါ် လက်မခံနိုင်ကြောင်း ဝတပ်ဖွဲ့က ယမန်နေ့၌ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့နှင့် နီးစပ်သူတဦးက “မဲဆန္ဒနယ်မြေတွေမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဝဒေသကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ စက်တင်ဘာလထဲ လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံလူထုတွေက အသိပညာနိမ့်ကျလို့ ဒါတွေ နားမလည်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေ သူတို့နယ်ထဲလာလုပ်တာ လက်မခံနိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ နယ်ခြားစောင့်တပ် ကိစ္စကတော့ နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုပြီး ပြန်ပြောလိုက်တယ်” ဟု ပြောကြားသည်။
ဝတပ်ဖွဲ့၏ ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ပေါ်လိုင်ခမ်း ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ဝဒေသအတွင်း ရွေးကောက်ပွဲကော်မရှင် ကိစ္စရပ်များ ဆောင်ရွက်မည်ဖြစ်၍ အနှောင့်အယှက် မပြုလုပ်ရန်နှင့် စက်တင်ဘာ ပထမပတ်အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖဘက်က သတိပေးပြောဆိုခဲ့သည့်အပေါ် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

ဝထိန်းချုပ်ရာဒေသတွင် ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်းနှင့် နားဖန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ရှိနေပြီး မိုင်းလားတပ်ဖွဲ့ထိန်းချုပ်ရာ မိုင်းလားဒေသအတွက် မိုင်းလားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအဖြစ် နအဖက သတ်မှတ်ထားသော်လည်း ယနေ့အချိန်အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များ မဖွဲ့စည်းသေးသကဲ့သို့ နိုင်ငံရေးပါတီများလည်း ဝင်ရောက်မဲဆွယ်လှုပ်ရှားမှုမျိုး မရှိသေးပေ။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦး (PDF) အဖွဲ့ကို ဝတပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နှင့် ယမန်နှစ်က နအဖ၏ စစ်ရေးအရ တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့် ဦးဖုန်ကြားရှင်၏ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (MNDAA) တို့သည် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းထားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDAA-ESS) မိုင်းလား တပ်ဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုလည်း ၎င်းတို့၏ နယ်မြေအတွင်းသို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ရန် စက်တင်ဘာလ ပထမပတ်အတွင်း အကြောင်းပြန်ရန် နအဖဘက်က ယခုလ (၂ဝ) ရက်နေ့က ပြောဆိုခဲ့ပြီး မိုင်းလားတပ်ဖွဲ့ကမူ လက်မခံနိုင်ကြောင်း ယနေ့ အကြောင်းပြန်လိုက်သည်ဟု PDF မှ တာဝန်ရှိသူတဦးက ပြောသည်။