Pages

Friday, August 6, 2010

မြ၀တီတွင် ဗုံးပေါက်ကွဲ ၂ဦးသေပြီး ၇ဦးဒဏ်ရာရ

ကေအိုင်စီ မှ..........

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ယနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲခန့်၌ ဗုံးတစ်လုံး ပေါက်ကွဲရာ ၂ဦး ပွဲချင်းပြီး သေဆုံး ကာ ၇ဦး ဒဏ်ရာရှိသွားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မြ၀တီမြို့နေ အမျိုးသမီးတစ်ဦးက “ဗုံးပေါက်တယ်လေ။ ဘုရင့်နောင်လမ်းမက ညဈေးဘက်မှာ။ သစ်သီးဆိုင်ရှေ့မှာ ဖြစ်တာ။ ၂ယောက်ကတော့ တစစီ လွှင့်စင်ထွက်သွားတာ ပွဲချင်းပြီးပဲ။ ဆိုင်ကယ်နှစ်စီးတော့ ပျက်စီးသွားတယ်။”ဟု ဆိုသည်။“ဗုံးကတော့ ပေါက်တာ အတော်ကျယ်တယ်။ ကြည့်ရတာ အတော်ပြင်းမဲ့ပုံပဲ။ မြ၀တီတစ်မြို့လုံး မကြားတဲ့သူ မရှိဘူး။”ဟု ကုန် သည်တစ်ဦးက ပြောသည်။ ဖြစ်ပုံမှာ မြ၀တီမြို့ ဘုရင့်နောင်လမ်းမရှိ မွေးမြူရေးဘဏ်အနီးရှိ သစ်သီးဆိုင်ရှေ့တွင် သစ်သီးဝယ်ရန်လာသည့် ရှမ်းလေးဆို သူတို့လင်မယားသည် ဆိုင်ကယ်ကိုရပ်ခိုက် ၎င်းတို့နောက်နားတွင် ပြောက်ကျားအင်္ကျီဝတ်လူနှင့် အငှားဆိုင်ကယ်သမား ရောက်ရှိလာပြီးမှ ဗုံးထပေါက်ခြင်းဖြစ်သည်ဟု သိရသည်။
ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသူနှစ်ဦးအနက် တစ်ဦးမှာ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားပြီး ပြောက်ကျားအကျီင်္ ၀တ်ဆင်ထားသူမှာ ကိုယ်အထက်ပိုင်း လွှင့်တက်သွားပြီး အောက်ပိုင်းမှာ တစစီ ဖြစ်သွားသည်ဟု မြင်တွေ့သူများက ပြောသည်။

မြ၀တီဆေးရုံသို့ ရောက်ရှိလာသည့် လူနာ ၇ဦးနှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။ “လူနာက ၇ယောက် လေ။ အတွင်းလူနာက ၄ယောက်ရှိတယ်။ ဒဏ်ရာ နည်းနည်းပါးပါးရတဲ့ လူနာ ၃ယောက်ကတော့ ဆေးထည့်ပြီး ပြန်သွားပြီ။” ဟု ဆိုသည်။

ယခု ဗုံးပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်မှန်း မသိရသေးသော်လည်း လက်ရှိအချိန်တွင် မြ၀တီမြို့တွင်း၌ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင်ဝင်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ကမ်းရိုးတန်းတိုင်းမှူး ဒုဗိုလ်မှူးကြီးခင် ဇော်တို့ ရောက်ရှိနေပြီး နေ့ခင်းကပင် နယ်စပ်ဂိတ်များကို သွားရောက်စစ်ဆေးခဲ့သေးသည်။