Pages

Monday, October 11, 2010

ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲအခမ်းအနား သြစတြေးလျား၌ကျင်းပခဲ့

KIC သတင်းမှ....

အောက်တိုဘာလ ၁၀ရက်။ စောကျော်ခွီး (ကေအိုင်စီ)
သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ Granville Town Hall တွင် ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲ အခမ်းအနားတခုကို အောက်တိုဘာလ (၉)ရက် စနေနေ့က ကျင်းပခဲ့ရာ လူပရိဿတ် ၃၀၀ကျော် လာရောက်အားပေးခဲ့ကြသည်ဟု သိရသည်။

သြစတြေးလျားကရင်အမျိုးသားအဖွဲ့အစည်း (AKO) ဆစ်ဒနီမှ စီစဉ်ကျင်းပသော အဆိုပါ အခမ်းအနားမှာ မြန်မာပြည် အရှေ့ ဖက်ခြမ်းရှိ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ(IDPs)နှင့် စစ်ဖြစ်ပွားရာဒေသများမှ ကရင်ဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာဖွေသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ဆစ်ဒနီမြို့ရှိ AKO လူငယ်ရေးရာ ဒုဥက္ကဌ နော်ဂရေ့စ်အယ်လွင်က ကေအိုင်စီ ကို ယခုလို ပြောသည်။
“ကရင်လူထုအတွင် လူကြီးလူငယ်၊ ပိုး၊ စကော၊ ဘာသာကွဲ၊ တိုင်းရင်းသားကွဲ စတဲ့ သတ်မှတ်မှုတွေကြား တဦးနဲ့တဦး နား လည်မှု၊ ညီညွှတ်မှု ပိုမိုရရှိလာအောင် ဒီပွဲကို ကျင်းပရခြင်းဖြစ်တယ်။ အားလုံးဟာ တတိယနိုင်ငံကိုရောက်လာတာခြင်း အတူ တူမို့ မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ထက်မြက်တဲ့အရည်အချင်းတွေ ပေါ်ထွက်လာနိုင်အောင် ဒီလိုပွဲမျိုးကို ကျင်းပရ ခြင်း ဖြစ်ပါတယ်။”ဟု နော်ဂရေ့စ်အယ်လွင်က ပြောသည်။

ယင်းသို့ စွမ်းရည်ပြပွဲများတွင် ဂီတအတီးအခတ် ပညာများ၊ မျက်လှည့်ပညာများ၊ လူလတ်ပိုင်း အမျိုးသမီးများ၏ ဖက်ရှင်ပြပွဲ များအပြင် ပြည်တွင်းဒုက္ခသည်များနှင့် ပတ်သက်သည့် ရုပ်သံပြပွဲများကို တင်ဆက်ပြသခဲ့ကြပြီး ပြပွဲပြီးပြီးချင်း ရန်ပုံငွေ ၃၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး ကရင်ပြည်နယ်မြောက်ပိုင်းဒေသရှိ စစ်မက်ဖြစ်ပွားရာဒေသမှ ပြည်တွင်းဒုက္ခသည်များထံ ပို့ဆောင်သွား မည်ဖြစ်ကြောင်း AKO ဆစ်ဒနီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောဒန်းနရယ်ဇူးက ပြောသည်။

“ကရင်ဒုက္ခသည်တွေရဲ့တကယ့်အဖြစ်မှန် စစ်ဘေးစစ်ဒဏ်တွေကို အခုလိုမြင်ရတာ စာနာသနားမိသလို ဒီမဟာလူမျိုးကြီးဆန် တဲ့ စစ်အာဏာရူးတွေကိုလည်း ဒေါသဖြစ်မိပါတယ်။”ဟု အခမ်းအနား လာရောက်ခဲ့သူ စောချစ်ကိုက ပြောသည်။
သစတြေးလျားကရင်အဖွဲ့အစည်း(AKO) ဗဟို ဥက္ကဌ စောလွင်ဦးက “လူငယ်မျိုးဆက်သစ်များဟာ နောင်လာမယ့် သြစတြေး လျားနဲ့ ကရင့်လူမှုအသိုင်းအ၀ိုင်းတခုလုံးအတွက် အင်မတန်မှ တန်ဖိုးရှိလာမယ့် လူသားအရင်းအမြစ်တွေ ဖြစ်တယ်။ မြန်မာလူ ထု လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတို့အတွက် ကြိုးစားရုန်းကန်မှုတွေကို လက်ဆင့်ကမ်း တာဝန်ယူကြရမှာ ဖြစ်တယ်။”ဟု ပြောကြားသွားခဲ့သည်။
ထိုနေ့ ညနေ ၄နာရီမှ ၇နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းအခမ်းအနားသို့ ဘားမားကန်ပိန်း-Australia၊ JACDB၊ မြန်မာ့နိုင်ငံ ရေးသမားများ၊ နိုင်ငံခြားသားများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် သြစတြေးလျားရောက် ကရင် တိုင်းရင်းသားများ အားပေးကြည့်ရှုခဲ့ကြပြီး ယခုပြုလုပ်သည့် ပြပွဲပြိုင်ပွဲကို ၂၀၀၉ခုနှစ်က ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။