Pages

Wednesday, September 1, 2010

ဘူးပေါက်နဲ့ ခပ်တဲ့ရေ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး) / ၀၁ စက်တင်ဘာ ၂၀၁၀


၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ့်အကြောင်းကို နအဖစစ်အစိုးရက ကြေညာသွားခဲ့ပါပြီ။ လမ်းပြမြေပုံ နောက်ဆုံးအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ရေရှည် နေရာဖယ်မပေးစတမ်း အာဏာကို ရယူသွားမယ့် စစ်အုပ်စုရဲ့ ပွဲသိမ်းကောင်း ဇာတ်လမ်းတပုဒ် မဟုတ်သလို ပြည်သူ့အရေးလှုပ်ရှားသူများအတွက်လည်း လမ်းဆုံး အဆုံးသတ် နိဂုံးတခု မဟုတ်ပြန်ပါဘူး။ ဖြစ်ထွန်းလာမယ့် လမ်းစသစ်ပေါင်းများစွာအတွက် ခြေဆင်းတီးလုံးတခု၊ စစ်တုရင်စကားအရ အဖွင့်ရွှေ့ကွက်တခု သက်သက်မျှပါ။

စစ်အုပ်စုအတွင်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာကြားကနေ ဒီရွေးကောက်ပွဲကို နအဖတို့ ကျင်းပပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ အများထင်ထားကြသလို ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ကနိုင်မှာပါပဲ။ ကန့်ကွက်တားဆီးနေလို့လည်း မထူးပါဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲသာ ထည့်ပေးလိုက်ဆိုတာ အဆိုးမြင်သက်သက်တွေပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဘက်က အခြေအနေတွေ ကောင်းနေလွန်းလို့ ပိုင်နိုင်လောက်ပြီ ထင်မှတ်လို့ နိုဝင်ဘာ (၇) ရက်ကို နေ့ကောင်းရက်သာရွေးပြီး ကြေညာခဲ့တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းအတွက် အချိန်မလောက်မင၊ စည်ရုံးရေးဆင်းဖို့ နှောင့်နှေး၊ ငွေကြေးအခက်အခဲတွေ ဖြစ်စေပြီး ကြံ့ဖွံ့တဖွဲ့တည်း တဖက်သတ်အနိုင်ရအောင် အချိန်ကိုက် တက်သုတ်ရိုက် ကြေညာသွားခဲ့တာကိုပဲ ကြည့်ပါ။
ခရာမတုတ်ခင် ကြိုတင်ပြေးခွင့်ရနေတဲ့ ကြံ့ဖွံ့ပါတီနဲ့ အခုမှ ပါတီဝင် စာရင်းတင်၊ နယ်လှည့်စည်းရုံးခွင့် လျှောက်နေရတဲ့ ပါတီငယ်များအကြား အခြေအနေဟာ မိုးနဲ့မြေပါ။ နိုင်နိုင်ရှုံးရှုံး ပြန်မပေးစတမ်း ကိုယ်စားလှယ်လောင်းတယောက် မှတ်ပုံတင်ကြေး (၅) သိန်းဆိုတဲ့ ငွေပမာဏအတွက်ကြောင့်လည်း တပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်နိုင်တာဆိုလို့ ကြံ့ဖွံ့နဲ့ တစညတို့ (၂) ပါတီသာ ရှိပါလိမ့်မယ်။ တဖက်စောင်းနင်း ရွေးကောက်ပွဲကြီးနဲ့အတူ နိုင်ငံတကာ့အလယ် မျက်နှာပန်း မသာတဲ့ ရှေ့ခရီးကိုဆက်ဖို့ အသည်းအသန် စီစဉ်နေတာတွေကို ကြည့်ခြင်းအားဖြင့် နအဖရဲ့ နိုင်ငံရေးအနေအထားဟာ ခံစစ်အသွင် ရောက်နေတယ်လို့ မှတ်ယူရမှာပါပဲ။

သဘာဝဓာတ်ငွေ့ကရတဲ့ နှစ်စဉ်ဝင်ငွေတွေအပြင် ထပ်မံချုပ်ဆိုလိုက်တဲ့ စွမ်းအင်စာချုပ်သစ်များဟာ စစ်ထိပ်သီးအိတ်ကပ်တွေထဲ ၀င်သွားမယ့် (အမျိုးသားထုတ်ကုန် အစုစု ၀င်ငွေမဟုတ်တဲ့) အလဟဿ ငွေတွေသာဖြစ်သလို ရွေးကောက်ပွဲမတိုင်ခင် ကိုယ့်ဆွေမျိုး၊ နီးစပ်ရာ ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်များ အပြီးသတ်ရသွားစေဖို့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီမံခန့်ခွဲပေးတော်မူသော အထူးလုပ်ငန်းအစည်းအဝေး (ညွှန်ကြားရေးမှူးအဆင့်ရှိသူကသာ တင်ပြရမယ့် အစီရင်ခံစာမျိုးလို) လုပ်ငန်းစီမံကိန်းအောင်မြင်ချက် အသေးအမွှားလေးများဟာလည်း တိုင်းပြည်ရဲ့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုလို့ ယူဆလို့မရနိုင်တဲ့ စီးပွားရေးတိုးတက်မှု အနုတ်ကိန်းဂဏန်းများပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသား၊ ရဟန်းသံဃာ၊ တိုင်းရင်းသား အတိုက်အခံ ထောင်ပေါင်းများစွာ အကျဉ်းချထားခြင်းခံနေရဆဲဖြစ်ပြီး ရွေးကောက်ပွဲ ပါဝင်ခွင့်မဆိုထားနဲ့ လျှော့ပေါ့ချောင်ချိခွင့် နည်းနည်းလေးတောင် သူတို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ အားလုံးပါဝင်နိုင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတရပ်လို့ ကမ္ဘာက အမြဲဝေဖန်ချက်ပေးနေတာပါ။ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်ကို ပိုင်နိုင်လောက်မယ်ထင်ရင်ဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်က နိုင်ငံတကာကို မျက်နှာလုပ်ဖို့ရာ အတိုက်အခံ နိုင်ငံရေးသမားတွေအားလုံး လွှတ်နှင့်ပြီး ဖြစ်လောက်ရောပေါ့။
စစ်တပ်သာလျှင် အုပ်ချုပ်ရေး စွမ်းရည်ရှိတယ်လို့ အမြဲယုံကြည်နေတဲ့ နအဖတို့အဖို့ အရပ်သားတွေနဲ့ အာဏာကို ခွဲဝေဖို့ ကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်း အသားတင် နေရာယူထားတဲ့ သူတို့အပေါ် ပြန်ပြီးဆင်ခြေတက်ခွင့်လေးတောင် ပြုချင်လိမ့်မယ်မထင်ပါဘူး။ အခုတော့ မတတ်သာလို့ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အတိုက်အခံတချို့နဲ့ ရေရှည်တွဲပြီး လွှတ်တော်ထဲမှာ အောင့်သက်သက် အလုပ်လုပ်ကြရပါတော့မယ်။

ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင် ငြိမ်းအဖွဲ့တွေအားလုံး၊ တခုတည်းသော စစ်ဦးစီးမှုအောက်ရောက်ရှိရေး ပြဿနာတွေကလည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်သေး၊ နေ့ချင်းညချင်း လက်နက်ကိုင်ပြဿနာ အသစ်တွေလည်း ထပ်ပြီးပေါ်လာနိုင်ပါသေးတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ အပြီးသတ် နယ်ခြားစောင့်တပ်ဖွဲ့ဖို့အရေး ခေါင်းမာနေသေးဆဲ မွန်၊ ကရင်၊ ၀ နဲ့ ကိုးကန့်တပ်ဖွဲ့များကိစ္စကိုရော နအဖတို့ ဘယ်လိုဆက်ကိုင်တွယ်မှာလဲ။ ၁၉၉၀ လွန် ခုနှစ်တွေကစပြီး ငြိမ်းချမ်းရေး (၁၇) ဖွဲ့နဲ့ နှစ်ပေါင်း (၂၀) နီးပါး အပစ်အခတ် ရပ်စဲထားခဲ့တောင် တိုင်းပြည်အတွက် ပြေလည်မယ့်အဖြေ မထွက်တဲ့အပြင် လမ်းစကိုတောင် ရှာမတွေ့သေး ရှိနေဆဲပဲမဟုတ်ပါလား။ ရွေးကောက်ပွဲအကြို အပြီးသတ် ဖွဲ့စည်းဖို့ လျာထားတဲ့ နယ်ခြားစောင့်တပ်များ အရေးဟာလည်း ယခင်နှစ်ပေါင်း (၂၀) နီးပါး လက်နက်တွေကိုင်ပြီး စီးပွားရေးလုပ်ခွင့်တွေရနေတဲ့ ငြိမ်းအဖွဲ့တွေကို နာမည်တမျိုး (သို့) အသွင်သစ်တခုနဲ့ ကာလတခုအထိ ဆက်တည်ရှိနေစေဦးမှာပါ။

တပ်မတော်လက်အောက်က နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့လို့ အမည်ခံခိုင်း၊ ယူနီဖောင်း ပြောင်းဝတ်ခိုင်း၊ ထောက်ပံ့ကြေးနဲ့ လစာငွေတွေ ထုတ်ပေးရုံလေးနဲ့ နအဖတပ် လုံးလုံးလျားလျားကြီး ဖြစ်သွားမှာမဟုတ်ပါဘူး။ လတ်တလော ဖွဲ့စည်းပြီးနှင့်တဲ့ နယ်ခြားစောင့်တပ်ရင်းများမှာ ငြိမ်းအဖွဲ့ သူပုန်ဟောင်းတွေက ကိုယ်သေနတ်နဲ့ကိုယ် နယ်ခြားစောင့်တပ်အဖြစ် လာပြီးလုပ်နေရခြင်းဟာ မဆီမလျော် သဘာဝမကျလှတဲ့ ဖြစ်စဉ်တခုပါ။

ကွပ်ကဲမှုတခုတည်းအောက် ဖွဲ့စည်းခဲ့တာတောင် အခွင့်အရေးနဲ့ ထောက်ပံ့မှုတွေ ကွာခြားလွန်းလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BDR) တပ်နဲ့ ဘင်္ဂလားကြည်းတပ်တို့အကြား တင်းမာပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၅-၂၇) ရက်အတွင်း တပ်တွင်းပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ပါသေးတယ်။ အောက်ခြေထု မထောက်ခံတဲ့ စစ်တပ်ဘက်က ပြောင်းရွှေ့လာသူ နယ်ခြားစောင့်တပ်မှူးကြီး အပါအ၀င် အရာရှိပေါင်း (၆၃) ဦး သေဆုံးပြီး ကျန် (၇၂) ဦးက ကနေ့အထိတိုင် ပစ်ခတ်ပေါက်ကွဲမှုများအတွင်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်များကို နအဖတို့ နမူနာယူသင့်ပါတယ်။ သတ်မှတ်ပေးတဲ့နေရာမှာ နေခိုင်းပြီး လစဉ် ရိက္ခာ/လစာ ထုတ်ပေးရုံကလွဲလို့ နယ်ခြားစောင့်တပ်တွေကို အခုအထိ အမိန့်၊ တာဝန်တွေပေး စစ်ဆင်ရေးဝင်ခိုင်းလို့ မရနိုင်သေးပါဘူး။ နယ်ခြားစောင့်တပ်မှာ ပူးတွဲပေးထားတဲ့ နအဖအရာရှိ၊ အရာခံတွေတောင် တဖြည်းဖြည်း အကျင့်ပျက်လို့ လာနေပါပြီ။ သဘာဝချင်းမတူတဲ့ တပ် (၂) ခု ကို စုစည်းပေါင်းစပ်ထားတာမို့ စစ်တပ်ကလာတဲ့ လူတွေနဲ့ သူပုန်ဟောင်းများအကြားမှာ အမြင်ချင်းလည်း မတူညီကြပါဘူး။ တခုတည်းသော တပ်မတော်အဆင့်ထိဖြစ်လာအောင် ဘယ်လောက် အချိန်ထပ်ယူရဦးမှာလဲ။

ဒီအတောအတွင်း နယ်ခြားစောင့်က တပ်ပြေး ဘက်ပြောင်း စတဲ့ကိစ္စတွေ အများကြီး။ အချင်းချင်းကြား မကျေလည်မှုတွေကြောင့် ကရင်နယ်ခြားစောင့်တပ်များအကြား လုပ်ကြံဖျက်ဆီးမှုတွေ တသီကြီး ဖြစ်ပေါ်လာနေတဲ့အပြင် လက်သည်မဲ့ ဗုံးပေါက်ကွဲမှုတွေလည်း တစတစ ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲပါ။ စုဖွဲ့မှုကောင်းပြီး ထုထည်ကြီးမားနေတဲ့ ရန်သူကို ပြန့်ကျဲသွားအောင်လုပ်၊ ချေမှုန်းပစ်တဲ့ စစ်ရေးနည်းပရိယာယ်အတိုင်း ပြည်တွင်းသူပုန်ဟောင်းများအပေါ်မှာ ကျင့်သုံးလို့မရနိုင်ပါဘူး။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှသာ ပြေလည်သွားမယ့် ကိစ္စတရပ်ပါ။ အခုတော့ ထာဝရငြိမ်းချမ်းတဲ့ လမ်းစမရှာဖွေဘဲ နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ်မီးတောက်ကြီးကနေ ပြန့်ကျဲသွားတဲ့ မီးပွားမီးတောက်ငယ်လေးတွေအဖြစ်ကို ရောက်အောင် နအဖတို့ တမင်ဖန်းတီးခဲ့ကြပါပြီ။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်အားလုံးကို ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံတွေဆီ လွှဲအပ်ထားနှင့်ပြီးဖြစ်သလို ပြည်တွင်းက ကုန်သည်၊ ပွဲစားနဲ့ လုပ်ငန်းရှင်ငယ်များ၊ အလတ်လွှာများ၊ ၀န်ထမ်းများ အပါအ၀င် လူထုတရပ်လုံးရဲ့ စီးပွားရေးအခြေအနေအရပ်ရပ်ဟာ ချွတ်ခြုံကျ၊ ရောင်းချပေါင်နှံပြီး ရင်းနှီးစရာမဲ့၊ နေ့ပြန်တိုး၊ မတ်တိုး (ချေးငွေတသောင်းမှာ နေ့တိုင်း တထောင်နှုန်း လေးဆနီးပါး တလအတွင်း ပြန်အတိုးဆပ်နေရတဲ့စနစ်) များအကြား နေ့စဉ် အကြွေးနွံနစ်နေကြတဲ့အဖြစ်နဲ့ ရှုပ်ထွေးလှသော လူမှုစီးပွားပြဿနာများ၊ မပြေလည်တဲ့ အကျပ်အတည်းတွေကြောင့် အိမ်နီးချင်း တိုင်းပြည်များကိုသာမက ကမ္ဘာအနှံ့ အလုပ်ကိုင်ရှာဖွေဖို့ ထွက်ခွာနေကြဆဲ မြန်မာ့ရွှေ့ပြောင်းလုပ်သားများကိစ္စ ဖြေရှင်းပေးရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး၊ ပြန်လည်နေရာချထားပေးရေး … စတဲ့ ပြဿနာတွေကလည်း နအဖတို့အတွက် တသီတတန်းကြီး ရှိနေတုန်းပါ။

အာဏာအလွှဲအပြောင်းမတိုင်မီ ကိုယ်ရသင့်တဲ့ အကျိုးခံစားခွင့်များ ရရှိရေးအတွက် တပ်ရင်း၊ တပ်ဖွဲ့ အတော်များများ ဆူပူဆန္ဒပြနေတာ၊ တိုးတိုးပြီး အမှုစွဲဆို တင်ပြလာနေတဲ့ လယ်သိမ်းခံ လယ်သမားများနဲ့ ကလေးစစ်သားများ ပြဿနာ၊ အလုပ်သမားအရေး၊ ပင်စင်စားဝန်ထမ်းဟောင်းများရဲ့ ခံစားခွင့်ဆိုင်ရာကိစ္စများ … စသည်ဖြင့် အမှုပေါင်းစုံဟာ နောင်တက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ ဒီပြဿနာများကို ဆက်ပြီး ခေါင်းခံဖြေရှင်းမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် လူတန်းစား လူ့အလွှာပေါင်းစုံဟာ နအဖတို့ဆီမှာ အခုကတည်းကိုက စဉ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေကြခြင်းပါ။

ဒီကိစ္စတွေထက် အရေးကြီးတဲ့ နောက်ဆက်တွဲကိစ္စတွေက နအဖတို့ စစ်အုပ်စုအတွင်း ပြဿနာများပဲဖြစ်တယ်။ နောင်လာမယ့် ဖွဲ့စည်းပုံအရ သမ္မတဟာ နိုင်ငံအကြီးအကဲဖြစ်ပြီး အာဏာခွဲဝေမှုအပိုင်းမှာတော့ တပ်ကို ကိုင်ထားသူ စစ်ဦးစီးချုပ်သာလျှင် ပိုအခရာ ကျပါလိမ့်မယ်။ လိုအပ်ရင် စစ်တပ်က အာဏာသိမ်းခွင့်ပြုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမှာ ဒီကိစ္စကို ထည့်ပြီး ရေးဆွဲထားမိခဲ့တာပဲ မဟုတ်ပါလား။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားရွေးချယ်ဖို့ လိုအပ်လာပါပြီ။ သူ့အနေနဲ့ တပ်ကို ဆက်ကိုင်မှာလား၊ သမ္မတပဲ သွားလုပ်မလား။ သမ္မတ တက်လုပ်မယ်ဆိုရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားခဲ့ရမလဲ။ သူကိုယ်တိုင် အလုံးစုံ ယုံကြည်ရသူကရော ဘယ်သူရှိနိုင်မလဲ။ ဒီတနေ့မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ပွဲထုတ်ပြီး နောင်တနေ့မှာ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ပစားပေး၊ နောက်တနေ့မှာကျတော့ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို သူကောင်းပြု … စတဲ့ တပ်တွင်း သွေးခွဲအုပ်ချုပ်နေခြင်းဟာ တပ်ချုပ်ကြီးက ဘယ်သူကိုမှ အကြွင်းမဲ့ မယုံကြည်ဘူးဆိုတာ ဖော်ပြနေပါတယ်။

တပ်ချုပ်ကြီးအနေနဲ့ တပ်တွေကိုပဲ နောက်ကွယ်ကနေ ဆက်ကိုင်နေချင်သေးသပဆိုရင်ဖြင့် ဘယ်သူ့ကို သမ္မတ ခန့်ထားမှာလဲ။ ဖြစ်လာမယ့် သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ အကြားမှာ ညှိနှိုင်းဆက်စပ်လို့မရခဲ့ရင် တပ်မတော်အတွင်း ဘာတွေဖြစ်လာမလဲဆိုတဲ့ ‘သို့လော သို့လော’ ပြဿနာတွေဟာ နအဖအတွက် ဖြန့်ထွက်စဉ်းစား တွေးတောစရာတွေပါ။ ပြောရရင် ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် ပွဲသိမ်းကောင်း အောင်ပွဲတခု မဟုတ်နိုင်သလို လောလောဆယ်ရော နောင်အတွက်ပါ ဘာအာမခံချက်မှ မရှိသေးတဲ့ အောင်ပွဲသက်သက်ပါ။

ဒီထက်ပိုဆိုးတာ သူတို့ရေးဆွဲမိခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ကိုယ်ပဲ ပြန်ပြီး ဒုက္ခရောက်သွားနိုင်တဲ့ အဖြစ်မျိုးတွေပါ။ အာဏာလောဘဇောကြောင့် စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ အမြင်တွေ မကွဲသော်လည်း၊ စည်းလုံးမှုအပိုင်းမှာ အထက်က ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တပ်တွင်း အချင်းချင်း သွေးကွဲသွားစေနိုင်တဲ့ အချက်အလက်တွေ အထင်အရှား ဖြစ်ပေါ်နေပါပြီ။ ရွေးကောက်ပွဲတောင် မ၀င်ရသေးဘူး၊ ဘောင်းဘီချွတ်ခံရမယ့် ဗိုလ်ချုပ်များနဲ့ အောက်ခြေ ဒု-ဗိုလ်မှူးချုပ်တို့အကြား ပူညံပူညံအသံတွေက ထွက်ပေါ်လာနေပါပြီ။ ပိုလျှံနေတဲ့ ဗိုလ်ချုပ်တွေအပြင် အမည်ခံရုံသက်သက်၊ ကြံဖန်ရာထူးပေးဖို့ ထွင်ထားတဲ့ (ကစထ) မှူးလို အဆင့်အတန်းတွေ၊ စစ်ဘက်ကနေ အရပ်ဘက် တိုက်ရိုက်သွားပြီး ရာထူးကြီးတွေရစေမယ့် ၀န်ကြီး၊ ညွှန်ချုပ်နဲ့ သံရုံးတာဝန်ခံ၊ စစ်သံမှူး … စတဲ့ အခွင့်အရေး ရာထူးမျိုးတွေကို စစ်ထိပ်သီးများအဖို့ နောင် မျှော်မှန်းနိုင်ခွင့်ရှိပါ့မလား။

လတ်တလော ၂၀၁၀ ရွေးကောက်ပွဲကာလတခုအတွက် အခုလိုမျိုး ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်တွေ လျာထားပြီး ထုတ်ပစ်လိုက်တာသာမဟုတ်၊ နောင်တကြိမ် လာဦးမယ့် ရွေးကောက်ပွဲအရန်အဖြစ် ကြံ့ဖွံ့ပါတီထဲ ထည့်ဖွဲ့စည်းဖို့ နောက်ထပ် ဗိုလ်ချုပ်နဲ့ ဒု-ဗိုလ်မှူးချုပ်တွေ အများကြီး တပ်ထဲက ထပ်ထုတ်နုတ်ဖို့ ရှိလာနိုင်ပါသေးတယ်။ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး အခုရော နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရွေးခဲ့မိလို့ အရွေးမခံရဘဲ ပြုတ်သွားခဲ့ရင် လက်ရှိရနေတဲ့ လစာနဲ့ အခွင့်အရေးတွေအပြင် ကား/အိမ် စတဲ့ အဆောင်အယောင်နဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးမယ့်ကိန်းမျိုး (သို့) ရှုံးမယ့်မြင်းကို လောင်းမိတဲ့အဖြစ်မျိုး လက်ရှိ နအဖစစ်ဗိုလ်ချုပ်များ စတင်တွေ့ကြုံ ခံစားနေကြပါပြီ။ ဗိုလ်ချုပ်ကတော်တွေလည်း မျက်ခုံးလှုပ်၊ ရင်ထုပြီး ဆို့နင့်နေရတဲ့ အဖြစ်မျိုး ကြုံနေကြရကုန်ပါပြီ။

ရွေးကောက်ပွဲကော်မရှင် ရေးဆွဲခဲ့တဲ့ ဥပဒေဆိုင်ရာ အားနည်းချက် လစ်ဟာကွက်တွေကို ကြားဖြတ်အစိုးရမဟုတ်တဲ့ စစ်အစိုးရကိုယ်တိုင် အတင်းအဓမ္မလိုက်ပြီး အာဏာစက်နဲ့ ပိတ်ဆို့ကာကွယ်ပေးနေရဆဲ၊ တုတ်ပြ ဓားမိုး ထောင်နဲ့ ခြိမ်းခြောက် … စတဲ့ နည်းမျိုးစုံ ကျင့်သုံးနေရဆဲမို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ရာ ကြီးကြပ်ပေးမယ့်သူ ရွေးကောက်ပွဲကော်မရှင်တောင် တုပ်တုပ်မှ မလှုပ်ဝံ့တဲ့ ရုပ်သေးရုပ်ဘ၀ကို ရောက်နေခဲ့ရပါပြီ။ တင်ပြလာတဲ့ အမတ်လောင်းစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်မရှိဘဲ စရဖ (ခေါ်) ထောက်လှမ်းရေးတွေက ကြားဝင် အကျိုးဆောင် စစ်ဆေးပေးနေကြတာကို ကြည့်ရင် ပိုပြီး ထင်သာမြင်သာနိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ SP တို့လက်အောက်မှာ အလုပ်လုပ်နေရတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်သန့်ရှင်းမျှတမှုဆိုတာဟာ ဘယ်လိုအရာမျိုးပါလိမ့်။

လမ်းညွှန်မြေပုံ (၇) ချက်အရ (၁၃) နှစ်ကြာ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမှာကိုပဲ လိုရာတွေ ဆွဲထည့်ရင်း ရှေ့နောက် မဆီမလျော်တွေဖြစ်၊ ဒါတွေကို ကြီးကြပ်အကောင်အထည် ဖော်ပေးဖို့ ဖွဲ့ထားတဲ့ ကော်မရှင်ကိုယ်တိုင်ကလည်း ရုပ်ပြသက်သက်၊ အာဏာနဲ့သိက္ခာမရှိ။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးဖို့ ရွေးချယ်ထားတဲ့ ကြားဖြတ်အစိုးရတရပ်မရှိလို့ တည်ဆဲနအဖအစိုးရကိုယ်တိုင် ကြားဝင်ပြန်ပါတော့လည်း ဘက်လိုက်ပြီး တရားမျှတမှုမရှိဘူးလို့ ကမ္ဘာက ပြောတာခံနေကြရပါပြီ။ အဓမ္မနည်း၊ ညစ်နည်း၊ လိမ်နည်းများ အစုံစုံနဲ့ နအဖတို့က ရွေးကောက်ပွဲရှေ့ခရီးကို ဆက်ကြပါလိမ့်ဦးမယ်။

စစ်တပ်ရဲ့ထုံးစံအတိုင်း အရာရာကို တရားမျှတမှုထက် အနိုင်ရဖို့သာ အဓိက ထားတတ်ကြပါတယ်။ ရေဘူးပေါက်တာ မလို၊ ရေပါတာပဲ လိုချင်တယ်လို့ နအဖတပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ ဒီမူအတိုင်း လိုက်နာကျင့်သုံးပြီး၊ အထက်ကို လိမ်ညာတင်ပြပြီး အလုပ်ဖြစ်နေကြတဲ့ တပ်မတော်ထဲမှာလို ပြည်သူနဲ့ နိုင်ငံတကာအပေါ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသစ် မြန်မာနိုင်ငံတော်ကြီး အောင်မြင်ပါကြောင်း လိမ်လည်စာရင်းပြလို့ မဖြစ်နိုင်ပါဘူး။ လက်ရှိတည်ဆဲအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကနေပြီး အနာဂတ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတရပ် ဖော်ဆောင်သွားမယ့်အကြောင်းကို နေ့စဉ်နဲ့အမျှ ကြွေးကြော်နေပါပြီ။ ဒါပေမယ့် နအဖတပ်မတော်ကြီးရဲ့ ကျင့်သုံးနေကျ ခေါက်ရိုးကျိုး ထုံးစံများအတိုင်း စည်းစနစ်ကျကျ သန့်သန့်ရှင်းရှင်းမလုပ်ဘဲ ဘူးပေါက်နဲ့ ဖြစ်အောင်ခပ်လာတဲ့ ရေတိုင်းဟာ သုံးလို့မကောင်းတဲ့ ရေဆိုးများသာ ဖြစ်နေကြပါလိမ့်မယ်။ ။