မိုးမခ မှကူးယူထားသည်။ (ယောဟန်အောင်)
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
အဲဒီအချိန်ကစလို့
တောမီးတွေလောင်၊ တောင်ယာတွေဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးတွေပိုးကျတယ်၊
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်၊
လူအချင်းချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းကြ
ငတ်မွတ်ခေါင်းပါး
ဖျားနာရောဂါနဲ့ ကာလနာတိုက်တယ်၊
သေလိုက်ကြတာလည်း မနည်းဘူး။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
အဲဒီအချိန်ကစလို့စစ်တွေတိုက်ကြတယ်၊
ကျိုင်းကောင်အုပ်ကျတယ်၊ ကြွက်ကျတယ်၊
ခြစားတယ်၊ လာဘ်စားတယ်၊ ဘာလုပ်လုပ်ငွေတောင်းတယ်၊
ဈေးတွေတိုးပြီးရောင်းတယ်၊ လူကောင်းက ရှားလာတယ်၊
တယောက်က တယောက်ကို ရန်မျက်လုံးနဲ့ကြည့်တယ်။
တချို့က ကိုယ့်အမျိုးတွေအတွက်ပဲကြည့်ပြီး၊ တချို့က ကိုယ့်အမျိုးတွေကိုတောင် မကြည့်နိုင်၊
ကိုယ့်အသိဉာဏ်ကို ကိုယ်သစ္စာဖောက်တယ်၊
ရိုက်နေတဲ့လူကို ဒူးထောက် လျှာနဲ့ရက်တယ်။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
သူက ဘယ်သူပိုင်တယ် မသတ်မှတ်သွားတော့ခက်နေတယ်၊
မြစ်တွေနဲ့ သစ်တောတွေ ရောင်းစားတယ်၊
ရေနံတွေ၊ ဂက်စ်တွေ နက်နက်တူးတယ်။
သေနတ်ကိုင်ပြီး နိုင်ငံရေးပြောတယ်၊
ပိုက်ဆံကိုင်ပြီး လူထုတရားဟောတယ်၊
ဘာသာရေးစွက်ပြီး အကြမ်းဖက်တယ်၊
အရှက်နည်းလာတယ်၊လူလိမ်တွေ ပေါလာတယ်၊
သမားရိုးကျ ဗိုလ်ကျမှုတွေ ဖြစ်လာတယ်။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
ချဲထိုးတာနဲ့ ဘောလုံးပွဲလောင်းတာကိုကသမ္မာအာဇီဝ၊ အလေ့အထဖြစ်လာတယ်၊
ဗေဒင်ဆရာနဲ့ ပျောက်စေမှော်တွေ ပေါလာတယ်၊
အမေတွေက အကြမ်းဖက်သမားတွေကို မွေးတယ်၊
ဗုံးတွေ ခဏခဏကွဲတယ်၊
အရေးပေါ်ဥသြသံ ခဏခဏကြားရတယ်၊
အေအိုင်ဒီအက်စ်နဲ့ ကြက်ငှက်တုတ်ကွေးကူးတယ်၊
ကမ္ဘာကြီး ပူလာတယ်။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
ပြီးတော့မှ သူတို့ပြန်ရောက်လာတယ်၊
လက်ကိုင်ကွန်ပျူတာပါတယ်
ငှက်ဖျားကာကွယ်ဆေးနဲ့
လက်သန့်စင်ဆေးတဲ့ ဟဲန်းဆန်နီတိုက်ဇာနဲ့
ဘုရားသခင်ကိုယ်စား ပြန်ရောက်လာတယ်။
(ဂြိုဟ်တုဖုန်းနဲ့ ဖိုးဝီးကားလည်း ပါတယ်)
အပြာရောင်အလံ ထောင်လာတယ်။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့၊
ကပ်တွေ၊ စစ်ပွဲတွေနဲ့ ဒုက္ခသည်တွေကြားမှာ ....
ဒီကဗျာဟာလည်းကမောက်ကမနဲ့
ရှေ့နောက်မညီ၊ ရောသမမွှေ ဖြစ်နေပါပြီ။
ဒါလည်း ဘာဆန်းသလဲ၊
ဘုရားသခင်ကသူ့ကဗျာဝိညာဉ်ကိုပါ နုတ်သွားတာကိုး။
ယောဟန်အောင်
ဖေဖော်ဝါရီ၊ ၂ဝဝ၇။
yaw-han-aung.blogspot.com