Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, September 3, 2011

အထင်ကြီးချင်သလား ရုရှားစစ်သား

နေ့သစ် မှ........

လက်နက်အင်အား လူအင်အား ကြီးမားခေတ်မှီလို့ ဟိတ်ဟန်ခန့်ထယ်လှတဲ့ ရုရှားစစ်တပ်ထဲမှာ တပ်သားသစ်တွေကို ယောက်ျားပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေနေတယ်လို့ စွပ်စွဲချက်တွေ ထွက်နေပါတယ်။ “ရဲဘော်အမေ” လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲတာကို ပြည်ထဲရေးဝန်ကြီးဌာနကတော့ ငြင်းနေပါတယ်။ ယောက်ျားပြည့်တန်ဆာ အဓမ္မ အလုပ်ခံရတဲ့ တပ်သားသစ်တယောက်ရဲ့ မိဘတပါးက ရဲဘော်အမေ အဖွဲ့ကို ဆက်သွယ်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
စိန့်ပီတာစဘတ်ဂ်မြို့ (ယခင် လီနင်ဂရက်မြို့) မှာ စစ်သားတွေနဲ့ ငွေပေးပြီး လိင်ဆက်ဆံပျော်ပါးမယ့် ဖောက်သည်ကွန် ယက်တခု ရှိနေတယ်လို့ ရဲဘော်အမေအဖွဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီး အယ်လာပေါ်လီယာကိုဗာ က ဘီဘီစီကို ပြော ပြခဲ့ပါတယ်။ စစ်သားကြီးတွေက လူငယ်စစ်သားသစ်လေးတွေကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းပြီး ရတဲ့ ငွေကိုတော့ ဒီ ဝါရင့်စစ်သားကြီးတွေက အိတ်ထဲထည့်ကြပါတယ်။
၂၀၀၆ ခုနှစ်တုံးက အသက် ၁၈ နှစ်အရွယ် တပ်သားအန်ဒရေဆိုင်ရှက်ဗ်ကို တခြားစစ်သားတွေက ၄-၅ နာရီကြာ ‘ဆိုင် ကယ်စီး’ ခိုင်းခဲ့ပြီးနောက် ကုလားထိုင်နဲ့တွဲ ကြိုးတုပ်၊ ရက်ရက်စက်စက်ရိုက်နှက်ခဲ့ကြပါတယ်။ အဲဒီရက်စက်မှုရဲ့ ရလဒ် အဖြစ် တပ်သားအန်ဒရေရဲ့ ခြေထောက်တွေနဲ့ ငယ်ပါမှာ သွေးမလျှောက်တော့ဘဲ အသားပုပ်လိုက်လာ တဲ့အတွက် ဆေးရုံတက် ဖြတ်လိုက်ရပါတယ်။ ရာသက်ပန် မစွမ်းမသန်ဖြစ်သွားတဲ့ အန်ဒရေရဲ့ ဖြစ်စဉ်ဟာ ရုရှားနိုင်ငံ တင်မက ကမ္ဘာမှာပါ ဟိုးလေးတကြော် ဖြစ်သွားခဲ့ပါတယ်။

Wednesday, July 13, 2011

စစ်အစိုးရရဲ့အမွေ ခရိုနီစီးပွားရေး

ဧရာဝတီ မှ........

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် မြန်မာ့စီးပွားရေးမှာ စစ်အစိုးရရဲ့အမွေအဖြစ် တခုခုချန်ထားခဲ့တယ်ဆိုရင် အဲဒါဟာ အဆမတန်ကြီးထွားလာတဲ့ ခရိုနီစီးပွားရေး သို့မဟုတ် အာဏာရှိသူများနဲ့ တွယ်တက်လာတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတချို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့ စီးပွားရေးဘ၀တခုလုံးကို အုပ်စီးချုပ်ကိုင်ထားခြင်းပဲ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးသက်တမ်း ၂၂ နှစ်ကာလအတွင်း အကန့်အသတ်မဲ့ ကြီးထွားလာတဲ့ ခရိုနီစီးပွားရေးရဲ့ အကောင်းဆုံးနမူနာကို ပြပါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော သူ့မိသားစုနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အသက် ၄၀ ကျော်အရွယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။

တကယ်တော့ “ထူး” ကုမ္ပဏီစုကြီးဖြစ်မလာခင် ဇနီးသည် ဒေါ်သီတာဇော်ရဲ့ မိသားစုပိုင် “ထူးထရိတ်ဒင်း” ကို ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးခေတ်ဦး ၁၉၈၀ နှောင်းပိုင်းကာလမှာ သစ်လုပ်ငန်း စတင်လုပ်ကိုင်ရင်း စီးပွားရေးနယ်ထဲ ခြေချခဲ့တာပါ။ ဦးတေဇဟာ ဦးသန်းရွှေလို ထိပ်တန်းစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကုမ္ပဏီကို ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတခုအသွင် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Sunday, January 16, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ရွေ့

နေ့ သစ် မှ......

မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့် စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန် မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။
ယခုလိုအချိန်မျိုးတွင် စစ်တပ်ကို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း အပြန်အလှန်ဇာတ်လမ်းတွေ ရှုပ်သွားအောင် တမင်ဖန်တီးလိုက်ဟန်ရှိသည်။

Monday, January 10, 2011

ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး

အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။

Friday, December 10, 2010

ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်

ဧရာဝတီ မှ....

“စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်” ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျို့စ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော “တိုက်ခိုက်မှု” ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန် ကြိုးပမ်းမှုများအပါအဝင် “စစ်ပွဲတခု” အသွင် ဆောင်လျက်ရှိပေသည်။

Saturday, October 2, 2010

အစိုးရအထက်ကအစိုးရ၊ ဖွဲ့စည်းပုံအထက်က စစ်ကောင်စီ

ခေတ်ပြိုင်မှ........

ရဲဘော်ဖိုးသံချောင်း / ၀၁ အောက်တိုဘာ ၂၀၁၀

စစ်အုပ်စုရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အာဏာပိုင်အဖွဲ့တဖွဲ့ ရှိနေပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာ ချောင်ကုပ်နေတာဖြစ်သလို ဒီဖွဲ့စည်းပုံဥပဒေထဲမှာ သူ့အတွက် သီးခြားအခန်း၊ ပုဒ်မရယ်လို့ ဖော်ပြမထားဘဲ သမ္မတဆိုတာရယ်၊ တပ်တော်ရဲ့အခန်းဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒါကတော့ အခန်း (၅) အုပ်ချုပ်ရေးဆိုတာကနေ စပြီးဖော်ပြထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုတာပါပဲ။ ဒီကောင်စီမှာပါမယ့် လူတွေက နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (နှစ်ယောက်)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးနဲ့ နယ်စပ်ရေးရာဌာန၀န်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ဘယ်သူတွေကရမယ်ဆိုတာ အထူးတွက်နေဖို့မလိုပါဘူး။ သာမန်လူတောင် မှန်းလို့ရတဲ့ ရာထူးဌာနန္တရတွေဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ နယ်စပ်ဒေသ၀န်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဆိုတာတွေကို လွှတ်တော်က ရွေးခြယ်ခွင့်မရှိပါဘူး။ စစ်အုပ်စုထိပ်သီးတွေက စိတ်ကြိုက်ရွေးမှ ဖြစ်တယ်လို့ တိတိလင်းလင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သူတို့ အယုံကြည်အစိတ်ချရဆုံး၊ စစ်အုပ်စုအတွင်းဆုံးက လူတွေပဲ ဖြစ်မယ်ဆိုတာကတော့ သံသယဖြစ်စရာမလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်ကလူတွေနဲ့ ဗိုလ်ချုပ်ထွက်တွေ ချည့်ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။

Thursday, September 2, 2010

ငရဲခန်းသို့ သမင်လည်ပြန်

ဧရာဝတီ မှ...

စစ်အာဏာရှင် လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက် နေသလိုပဲ ဆိုတာ ကြားဖူးမှာပါ။ စစ်အာဏာရှင် တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တနိုင်ငံလုံး ခံစားနေရတာကို ပုံဖော်ပြီး ပြောနေကြတာပါ။

ထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ငရဲခန်းတွေထဲက အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကား တွေက ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ရေးသားချက်တချို့ကနေ သိရှိနေကြပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါ
ပြောစရာတွေက တယောက်နဲ့တယောက် မတူညီတဲ့ ခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။ အခု ဒီဆောင်းပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှကို မှတ်တမ်းပြုလိုက်တာပါ။
စစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို စုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေရဲ့ မှတ်တမ်းတင်မှုတွေက လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။
စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီငရဲခန်းထဲကို စတင်ရောက်တဲ့ မြင်ကွင်းလေးကို ပြန်စဉ်းစားမိပါတယ်။

Wednesday, September 1, 2010

ဘူးပေါက်နဲ့ ခပ်တဲ့ရေ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး) / ၀၁ စက်တင်ဘာ ၂၀၁၀


၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ့်အကြောင်းကို နအဖစစ်အစိုးရက ကြေညာသွားခဲ့ပါပြီ။ လမ်းပြမြေပုံ နောက်ဆုံးအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ရေရှည် နေရာဖယ်မပေးစတမ်း အာဏာကို ရယူသွားမယ့် စစ်အုပ်စုရဲ့ ပွဲသိမ်းကောင်း ဇာတ်လမ်းတပုဒ် မဟုတ်သလို ပြည်သူ့အရေးလှုပ်ရှားသူများအတွက်လည်း လမ်းဆုံး အဆုံးသတ် နိဂုံးတခု မဟုတ်ပြန်ပါဘူး။ ဖြစ်ထွန်းလာမယ့် လမ်းစသစ်ပေါင်းများစွာအတွက် ခြေဆင်းတီးလုံးတခု၊ စစ်တုရင်စကားအရ အဖွင့်ရွှေ့ကွက်တခု သက်သက်မျှပါ။

စစ်အုပ်စုအတွင်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာကြားကနေ ဒီရွေးကောက်ပွဲကို နအဖတို့ ကျင်းပပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ အများထင်ထားကြသလို ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ကနိုင်မှာပါပဲ။ ကန့်ကွက်တားဆီးနေလို့လည်း မထူးပါဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲသာ ထည့်ပေးလိုက်ဆိုတာ အဆိုးမြင်သက်သက်တွေပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဘက်က အခြေအနေတွေ ကောင်းနေလွန်းလို့ ပိုင်နိုင်လောက်ပြီ ထင်မှတ်လို့ နိုဝင်ဘာ (၇) ရက်ကို နေ့ကောင်းရက်သာရွေးပြီး ကြေညာခဲ့တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းအတွက် အချိန်မလောက်မင၊ စည်ရုံးရေးဆင်းဖို့ နှောင့်နှေး၊ ငွေကြေးအခက်အခဲတွေ ဖြစ်စေပြီး ကြံ့ဖွံ့တဖွဲ့တည်း တဖက်သတ်အနိုင်ရအောင် အချိန်ကိုက် တက်သုတ်ရိုက် ကြေညာသွားခဲ့တာကိုပဲ ကြည့်ပါ။

Monday, August 16, 2010

ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော

မဇ္ဈိမ မှ.....

ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ် အမေရိကန်နိုင်ငံပဲ ထီးထီးကြီး ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ အမေရိကန်နိုင်ငံကို ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စားခဲ့ကြပါတယ်။ ဒုတိယ အီရတ်စစ်ပွဲနဲ့ အာဖဂန် စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန် စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ,ပါဝါ ပဲ။
ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကို ထူထောင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့ နောက်က လူ ၄၊ ၅ ယောက် ပံ့ပိုးရပါတယ်။ ထမင်းချက် ကျွေးမယ့်သူ၊ စစ်ပစ္စည်း ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ စစ်လက်နက် ထိန်းသိမ်းရသူ၊ အကျွမ်းအဝင်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance & training ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။ တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာ တိုင်းပြည်စီးပွားရေးကို နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က ဟန်နဲ့ စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့ ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတူ ကျဆုံးခဲ့ရပါတယ်။ မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။

Monday, July 26, 2010

ဒုက္ခဝင်္ကပါ

မေရနံ့ (မဇ္ဈိမ)

ဘဝဆိုတာက ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်လို့ အဆိုရှိခဲ့ကြတယ် မဟုတ်လား။ ကျမတို့ မြန်မာပြည်သားတွေလည်း အဲဒီစကားပုံအတိုင်း မလိုက်နာချင်လည်း လိုက်နာနေကြရတယ် ထင်ပါရဲ့။

တကယ်တော့ ကျမတို့ချစ်တဲ့တိုင်းပြည်၊ မိဘ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ခွဲခွာပြီးတော့ သူတပါးတိုင်းနိုင်ငံမှာ ညှိုးနွမ်းသိမ်ငယ်စွာနဲ့ ဘယ်သူမှ နေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကြောင့်မို့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို အလုံးအရင်းနဲ့ ရောက်လာကြတယ်လို့ပဲ ပြောရတော့မယ်။

ဘာမဆို စိုးရိမ်ထိတ်လန့်နေရတဲ့ သတင်းတွေကြားမှာ ကျမတို့ရပ်တည်ရှင်သန်ခဲ့ရတာ တနှစ်ကျော် နှစ်နှစ်နီးပါးရှိပြီ။ နေရာကခေါင်တဲ့အပြင် ရာသီဥတုအားဖြင့်လည်း သမမျှတမှုမရှိဘူး။ မိုးရာသီရောက်ရင် လမ်းတလျှောက်မှာ ဗွက်တွေထူလို့။ မိုးရာသီကိုချစ်တတ်တဲ့ကျမတောင် မိုးရာသီကို မုန်းချင်လာတယ်။ မိုးရွာတဲ့ ရက်တွေဆိုရင် တနေကုန် နေရောင်မမြင်ရတော့ဘူး။ (၇)ရက်တပတ်လောက် ဆက်တိုက်ရွာနေတတ်တဲ့မိုးကြောင့် ဒုက္ခသည် ကျမတို့တတွေ ပိုင်ဆိုင်သမျှအင်္ကျီ၊ လုံချည်တွေကို မီးကင်ရတယ်။ မီးပူတိုက်ဖို့ ဆိုတာကလည်း မီးသွေးရှိမှ၊ မီးအိုးရှိမှအဆင်ပြေသကိုး။

Tuesday, July 13, 2010

ပြန်မရနိုင်မဲ့ဆုံးရှုံးမှုတွေ ထပ်မံခြိမ်းခြောက်ပြန်ပြီလား

ကန္တာရဝတီတိုင်း မှ.................

ကရင်နီပြည် ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်မှာ စစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီရေကာတာကို တိတ်တခိုးလေး ဆောက်ရွက်နေကြတယ်လို့ ကရင်နီသဘာဝပတ်ဝန်းကျင် အဖွဲ့က ဆိုပါတယ်။

ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံး မြစ်ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာနေရာမှာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။
မြန်မာစစ်အစိုးရ၏ ရေကာတာ စီမံကိန်းကြောင့် မျိုးသုန်းပျောက်ကွယ်သွားမည့် ကရင်နီမျိုးနွယ်စု တစုဖြစ်သည့် ကယန်းကြေးကွင်းပတ် လည်ပင်းရှည်ခေါ်ပဒေါ်

Thursday, July 8, 2010

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့

mizzimaburmese မှ........

“ကြယ်တွေစုံတဲ့ည၊ အဝေးအိမ်ကို လွမ်းတယ်။
ကြယ်တွေစုံတဲ့ည၊ ခရီးမိုင်တွေ ခြားပစေ
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလေ
ကျော်လွန်သွားခဲ့ရင်၊ ပြန်ဆုံဦးမယ်”

(ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည)

ပနာပခို ရွာက တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာလေး ဖြစ်သည်။ မူခါးဝီးကျိုးရွာ၊ ထီးမူခီး ရွာများနှင့်က တတောင်ကျော်၊ တလျှိုဝင်၊ တပြန့်သွား မလှမ်းမကမ်းရွာများ ဖြစ်သည်။ ထီးမူခီး ရွာအနီးရှိ ထီးမူခီး တောင်ကုန်းထက်တွင် ရန်သူ့စခန်း ရှိနေခဲ့သော်လည်း ပနာပခို ရွာအနီး လျှိုပြန့်လေးတခုအတွင်း၌၊ ကရင့်အမျိုးသားအစည်းအရုံး KNU ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားသည့် ပနာပခို ဆေးရုံငယ်လေးတရုံ ရှိ၏၊

ညာပလိုတဲ၊ တံတားတဲ၊ မူခါးဝီးကျိုး၊ ထီးမူခီး၊ ပနာပခို ရွာများက လယ်မြေလည်း ဖြစ်ထွန်း၏။ သဘာဝမြေဆီ ကောင်းသည့်အတွက် စပါးအထွက်တိုး၏။ တောင်ယာစပါးသည်လည်း ကောင်းကြသည်ပင်။ ဒူးရင်း၊ ဒညင်း၊ ချန်ပေါင်ဖာလာခြံများကြောင့် ထိုဒေသအတွင်း စီးပွားရေးသည် ချောင်လည်ကြသည်ဟု ဆိုရမည်။

Tuesday, July 6, 2010

အနေနီး၊ စုစည်းစေတဲ့ ဖားစည်

ဆောင်းပါး - Kaowao News
ရေးသားသူ - နော်ဘွေဝါး
အင်္ဂါနေ့၊ ဂျူလိုင်လ 06 ရက် 2010 ခုနှစ်

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသား လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက အတူတကွ နေထိုင်ခဲ့ကြ ပေသည်။ ထိုသို့ နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု အသီးသီးတို့တွင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ယူဆောင်လာခြဲ့ကသည့် ဆိုင်ရာ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းစဉ်လာများလည်း ရှိနေသည်။

ကရင်အမျိုးသားများ အမြတ်တနိုးထားရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ‘ဖားစည်’ သည် ထိပ်ဆုံးက ပါဝင်နေသည်။ ဘိုးဘွားအစဉ်အဆက် လေးစား၊ တန်ဘိုးထား လာကြသည့် ထိုဖားစည်၏ အစဉ်အလာကြီးမှုကို ကရင်လူမျိုးနှင့် ဖားစည် ခွဲခြားမရကြောင်း သမိုင်းအစဉ်အလာက သက်သေထူနေသည်။

Monday, July 5, 2010

တိတ်တဆိတ် ရေကာတာ တည်ဆောက်မှု နောက်ကွယ်ဝယ်

ကန္တာရ၀တီတိုင်း(မ်) မှ..........
ကရင်နီ (ကယား) ပြည်၊ ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်ဒေသမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တခုတည်ဆောက်ဖို့ ဆိုင်းပြင်းနေကြပါတယ်။
အဲဒီရေကာတာကို အများမသိအောင် တိတ်တဆိတ် ဆောက်လုပ်ဖို့ လုပ်ငန်းဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ ထိုင်းအခြေစိုက် ကရင်နီသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံးမြစ် ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာ နေရာမှာ ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။

ဒုက္ခသည်တေးသံ

နှင်းပန်းအိမ် (မဇ္စျိမ)...............

မှိုင်းညို့ရီမှောင်နေတဲ့ တောင်တန်းကြီးတွေဘေးက ဒုက္ခသည်စခန်းလေးမှာ မိုးရေတွေကြား ကြေကွဲလို့နေပါတယ်။ တစိမ့်စိမ့်ရွာနေတဲ့ မိုးလို ဒုက္ခသည်တွေ တစိမ့်စိမ့်ခံစားစေရမယ့်၊ တထိတ်ထိတ်ဖြစ်စေရမယ့်၊ ဒုက္ခသည်အသည်းနှလုံးကို ဓားနဲ့မွှန်းသလို ခံစားစေရမယ့် သတင်းတွေပဲ ကြားနေရပါတယ်။ မသိကျိုးကျွံပြုမှုတွေ၊ မှီခိုမှုတွေ၊ သေချာရေရာမှုမရှိဘဲ လုံခြုံမှုမရှိတဲ့နေရာက ဒုက္ခသည်စခန်းပါပဲ။ ဒုက္ခသည်စခန်းမှာ အသေချာဆုံးက ဒုက္ခတွေပါ။

Tuesday, June 29, 2010

စာရင်းလိမ် စီးပွားရေးစနစ်

အောင်ကျော်ခင် (ခေတ်ပြိုင်)
မြန်မာစစ်အစိုးရရဲ့ ဆိုရှယ်လစ်စီးပွားရေးနဲ့ ဈေးကွက်စီးပွားရေးဟာ စာရင်းလိမ်ပြတဲ့နေရာမှာ တူတယ်။ အထက်ကအာဏာပိုင်ကို အမြဲတမ်းကြောက်ရတဲ့စနစ်မှာ အထက်လူကြီးကျေနပ်အောင် စာရင်းလိမ်ပြတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ ကျေးလက်ကိုဆင်းပြီး စာတမ်းကောက်ရင်လည်း အချက်အလက်ကို အမှန်အတိုင်း မှတ်တမ်းမတင်ဘဲ အထက်လူကြီးကြိုက်အောင် ရေးကြတယ်။ ဒါကြောင့် စစ်အစိုးရ စာရင်းအင်းဌာနက အချက်အလက်တွေဟာ မမှန်ဘူးလို့ ၀ါရင့်အရာထမ်းတဦးက ပြောဖူးတယ်။

အာဏာရှင်နေ၀င်းအကြိုက်လိုက်ပြီး အောက်ခြေက စာရင်းလိမ်ပြတယ်။ စာရင်းလိမ်ပြရင်း ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရရင် နိုင်ငံခြားအကြွေးမှာ အတိုးဆပ်စရာမလိုတဲ့အတွက် အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ မဆလစစ်အစိုးရက ကုလသမဂ္ဂမှာ လျှောက်ထားတယ်။ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စာတတ်သူ လူကြီးဦးရေ နည်းဖို့လိုတယ်။ ဘုန်းကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်မှာ စာတတ်သူများတော့ အဆင်းရဲဆုံးနိုင်ငံ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စာရင်းလိမ်ဝိဇ္ဇာ မဆလစစ်အစိုးရက စာတတ်သူ အလွန်နည်းကြောင်း စာရင်းလိမ်ပြနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားတယ်။

Sunday, June 20, 2010

ဒုက္ခသည်များအတွက် “နေအိမ်”

မနိုက်အွာ (ကေအိုင်စီ)


“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘ၀ဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေ မဲ့ စိတ်မကောင်းဖြစ်မိတယ်”ဟု ထိုင်း-မြန်မာနယ်စပ်အတွင်း ရောက်ရှိခိုလှုံနေကြရသည့် ဒုက္ခသည်အမျိုးသမီးတဦးက ပြောဆိုခြင်း ဖြစ်သည်။
ယခု ဇွန်လ ၂၀ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugees Day)ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာတ၀ှမ်းက အခမ်း အနားများ ကျင်းပပြုလုပ်လျှက်ရှိသလို ယခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများ၌လည်း ဇွန်လ ၁၈ရက်နေ့ က ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကြိုတင် ကျင်းပခဲ့ကြသည်။

Saturday, June 12, 2010

လေးလံတဲ့ စစ်တပ်ရိက္ခာတွေကို အဓမ္မ ထမ်းပို့ခဲ့ရတယ်

ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - နှောင်းလှိုင်

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာထမ်း စေခိုင်းမှုများကို စစ်တပ်များက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး အဓမ္မ စေခိုင်းတဲ့ အလေ့အထက အတော်ကြာခဲ့ပါပြီ။

နှစ်ပေါင်း ၄၀ ကျော်အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အသက် ၆၂ နှစ် အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာစစ်သားတွေရဲ့ အဓမ္မ စေခိုင်းမှုနဲ့ စစ်တပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ အလေးအပင်တွေကို အသက်အရွယ်နဲ့ မမျှအောင် သူတို့ တပ်စခန်းတွေရှိရာ နေရာတွေအထိ သယ်ပို့ပေးခဲ့ရပါတယ်။

ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ မော်ချီးရွာ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၇၂ က မြန်မာစစ်တပ်တွေက နှစ်စဉ်၊ နှစ်တိုင်း သူတို့ရဲ့ ရိက္ခာတွေကို ထမ်းပို့ဖို့ ဒေသခံ တွေရဲ့ ဆန္ဒမပါပဲ တနေကုန် အဓမ္မ စေခိုင်းခဲ့တယ်လို့ သူမက အခုလို ပြောပြပါတယ်။

Monday, June 7, 2010

အတောင်မစုံမီ ပျံသန်းနေကြတဲ့ ငှက်ငယ်များ

ဆောင်းပါး - Khonumthung News Group
ရေးသားသူ - စစ်မုန်းလူ

သူမအသက်အရွယ်ကိုကြည့်မယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခိုပြီး သူငယ်ချင်းတွေနဲ့အတူ စာသင်ကျောင်းမှာ ကျောင်းစာ သင်ကြားရမယ့် အရွယ် လေးပါ။ ဒါပေမဲ့ အသက်ရွယ်နဲ့ မလိုက်အောင် သူမရုပ်ရည်ကတော့ နေထိပန်းတပွင့်လို စိုပြေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူးလို့ ခြေကုန်လက်ပန်းကျ နွမ်းလျနေဘိသကဲ့သို့ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အိန္ဒိယ-မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ အိုက်ဇောလ်မြို့ကို ရောက်ရှိလာခဲ့တဲ့ သူမဟာ မိသားစု စားဝတ်နေရေး အတွက် တလ အိန္ဒိယ ရူပီးငွေ ၁ဝဝဝ (မြန်မာငွေ ၂၅၀၀၀ ကျပ်) နဲ့ မိသားစု အိမ်တအိမ်မှာ အိမ်ဖော် အဖြစ် လုပ်ကိုင် နေသူတဦးပါ။

Saturday, May 15, 2010

အမေများရှိတဲ့ ဒီကမ္ဘာ အေးချမ်းသာယာ

ဆောင်းပါး - BNI

ရေးသားသူ - ဖနိဒါ။ ဆိုင်ချိုဖ
“အမေတွေ ရှိနေတဲ့ ကာလပတ်လုံး၊ ကမ္ဘာပေါ်မှာ မိခင်တွေ ရှိနေတဲ့ကာလပတ်လုံး၊ ကမ္ဘာကြီးဟာ လှပစိုပြေပြီး အေးချမ်းသာယာနေမှာဘဲလို့ ပြောချင်ပါတယ်” ဟု မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် စာရေးဆရာမောင်စိမ်းနီက မိခင်များနေ့ အမှတ်တရ စကားဦးသန်း ပြောဆိုလိုက်သည်။

အသက် ၁၅ နှစ်အရွယ်မှာပင် မွေးမိခင်ဖြစ်သူ ဆုံးပါးသွားခဲ့သော်လည်း ယနေ့ထိတိုင် ကမ္ဘာပေါ်တွင် အမေများရှိနေသည့်အပေါ် ဘယ်သောအခါမှ မသေသည့်အမေများသာ ဖြစ်ကြောင်း အားရကျေနပ်၊ ပီတိအပြည့်ဖြင့် ယခုလို ဆက်လက်ပြောဆိုသည်။